ဒုက္ခများများကို အရောင်လှလှ ဆိုးထားတယ်

ဒုက္ခများများကို အရောင်လှလှ ဆိုးထားတယ်
November 23, 2016 Asian Fame

4:11 am
ဒုက္ခများများကို အရောင်လှလှ ဆိုးထားတယ်
In Articles, Slider

market-copy

ယခုလအတွင်း ပြည်သူများကို စိုးရိမ် ထိတ်လန့်စေသော သတင်း တစ်ပုဒ် မီဒီယာစာမျက်နှာများတွင်ပါ ရှိလာသည်။ ဈေးကွက် အတွင်း   ရောင်းချနေသောငရုတ်သီးမှုန့်များ ၏ထက်ဝက်ကျော်တွင် မှိုအဆိပ် (အယ်ဖာတောက်ဆင်)နှင့် ဆိုးဆေး များပါဝင်နေသည်ဟုအစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) က ထုတ်ပြန်ကြေညာလိုက် သည့်သတင်းဖြစ်သည်။ နေ့စဉ်လူဦး ရေ ၂၅ န်းခန့်က ထိုအဆိပ်များ ကိုစားနေရကြောင်း FDA ၏ကြေ ညာချက်သည်အားလုံးကို အံ့သြ ထိတ်လန့်စေခဲ့သည်။

တစ်ဆက် တည်းမှာပင်စားသုံးသူများ၏အခွင့် အရေးနှင့်ပတ်သက်၍ မေးခွန်း ထုတ်စရာများရှိလာခဲ့သည်။

အရောင်တွေနဲ့ နိစ္စဓူဝ

တိုးတက်လာသော ခေတ်ကြီး တွင် အစားအစာများကို ပြုပြင် ခြင်း၊ အရောင်ဆိုးခြင်း၊ တာရှည်ခံ အောင်ပြုလုပ်ခြင်းတို့အတွက် ဓာတု ဆိုးဆေးများကို အသုံးပြုလာကြ သည်။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်က မြန်မာပြည်တွင်း ရောင်းချနေသော လက်ဖက်အမှတ်တံဆိပ် ၁ဝဝ နီး ပါးတွင် အဝါရောင်ဆိုးဆေး Auramine O (ချည်၊ သိုးမွှေး၊ ပိုး ထည်၊ စက္ကူနှင့် သားရေများအ ရောင်ဆိုးရာတွင် အသုံးပြုသည့် ဆိုးေ ဆးဖြစ်ပြီး ကြာရှည်စားသုံး သူများ အသည်းနှင့် ကျောက်ကပ် ရောဂါများနှင့် ကင်ဆာရောဂါဖြစ် စေနိုင်) ပါဝင်နေကြောင်း FDA က ထုတ်ပြန်ခဲ့ပြီးနောက် ဆိုးဆေး များ၏အန္တရာယ်ကို စတင်သတိပြု မိလာခဲ့ကြသည်။ ထို့နောက်တွင် ငါးပိစိမ်းစား၊ ငရုတ်သီးမှုန့်၊ ငရုတ် ဆီ၊ ပဲနီလေးမှအစ ကလေးများ စားသော ယိုစုံများအထိ ဆိုးဆေး နှင့်မလွတ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးကြေညာ လာခဲ့သည်။ သို့ဖြစ်ရာ စားသုံးသူ များအတွက် ဘာကိုရွေးချယ်စား သုံးရမှန်းပင် မသိလောက်အောင် ဖြစ်ရသည်ဟု သင်္ဃန်းကျွန်းမြို့ နယ် နေ အိမ်ရှင်မတစ်ဦးဖြစ်သည့် မသက်နှင်းထွေးက ပြောသည်။

စားသုံးရန် ကြည့်လိုက်တိုင်း ဆိုးဆေးနှင့် မလွတ်သည်ကို မြင်ရ သည့်အခါ ကိုယ့်ကိုယ်ကိုယ် သတိ ပေးရင်း မစားမိအောင်ရှောင်ကြဉ်   ဖြစ်ခဲ့ကြောင်းသူက ပြောသည်။

”လမ်းဘေးမှာရောင်းတဲ့ ကြက် သားတုတ်ထိုးစားမလို့ကြည့်လိုက်တာ ပန်းရောင်ကြီးပေါက်နေလို့ မစားဖြစ် ခဲ့ဘူး။ အဲဒီလိုပဲ အကင်တွေ ဘာတွေ ဆိုလည်းမစားဖြစ်တော့တာ တော် တော်ကြာပြီ”ဟု ၄င်းကပြောသည်။

အရောင်လေးပါမှ ကြိုက်ကြ၏

မသက်နှင်းထွေးကဲ့သို့ ကျန်းမာ ရေးအသိရှိကာ အရောင်ကိုမနှစ် သက်သော သူများရှိသလို အရောင် ပါမှပင် ဝယ်ချင်စားချင်သောသူ များ  ကလည်းရှိနေသည်။ ထိုသို့သော စား သုံးသူများကြောင့် ဆိုးဆေးအသုံးပြုမှု များပျောက်ကွယ်မသွားခြင်းဖြစ်ကြောင်း လုပ်ငန်းရှင် အချို့က ပြောသည်။

”မက်မန်းသီးဆို ရဲနေမှ၊ ကျွန် တော်တို့က ဆိုးဆေးကို ပိုတောင် မထည့်ချင်သေးတယ်။ ကျန်းမာ ရေးနဲ့လည်း မညီဘူး။ ဒါပေမယ့် ကျေး လက်ဒေသတွေကျတော့ မက်မန်းသီးကို မူလအရောင်အတိုင်း ရောင်းရင် ဝယ်မစားကြတော့ဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် မက်မန်းယိုစုံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အလားတူပင် စိမ်းစားငါးပိဆို လျှင်လည်း မူလကအရောင်ဖျော့ သော်လည်းစားသုံးသူများကပန်းရောင် မှ ကြိုက်နှစ်သက်သည့်အတွက် လုပ်ငန်းရှင်များကအရောင်ဆိုးကြ ကြောင်း အစာအာဟာရဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည်က ပြောသည်။

”ဘိတ်ဘက်ကို သွားတော့ ငါးပိလုပ်ငန်းရှင်တွေက ဘာပြော လဲဆိုတော့  ကျွန်မတို့က ရောချင်လို့ မဟုတ်ဘူး။ မျှင်ငါးပိလုပ်တာက ရာသီအလိုက် အရောင်ကပြောင်း တာ။ တချို့ကျတော့ အဲဒီနေရာ လေးမှာကိုပဲ ပန်းရောင်ရတယ်။ တချို့ပုစွန်တွေကအဖြူသက်သက် ပဲ။ ဒါပေမယ့် လူတွေက ထင်တာက ပန်းရောင်လေးမှ ကောင်းတာဆို တော့ သူတို့က ပန်းရောင်ဖြစ် အောင်လုပ်လိုက်တာပဲ။ လူတွေကို လည်းအသိပေးရမှာ။ မျှင်ငါးပိ လုပ်တဲ့အခါရတဲ့ ပုစွန်နဂိုမျှင်မှာ ပါလာတဲ့အရောင်ကကို မတူဘူး”ဟု ဒေါ်ဝင်းဝင်းကြည်က ၄င်းတို့ သွား ရောက်ကွင်းဆင်းခဲ့စဉ်က တွေ့ကြုံ ခဲ့ရသည်ကို ပြောပြသည်။

ဘယ်လို အရောင်ဆိုးဆေးတွေ သုံးကြသလဲ

စားသုံးသူများက မျှစ်ဆိုလျှင် လည်းအနီမှ၊ ငါးပိဆိုလျှင်လည်း ပန်းရောင်မှ၊ ငရုတ်သီးမှုန့်ဆိုလျှင် လည်း ရဲနေမှ နှစ်သက်ကြသည့် အခါ ရောင်းချသူများကလည်း ဈေးကွက်ကိုလိုက်၍ လွယ်လင့် တကူ ဝယ်ယူရရှိနိုင် သောဆိုးဆေး များကို အသုံးပြုလာကြသည်။ ဆိုး ဆေးဆိုသည်မှာ အစားအသောက်၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း တို့တွင် အမြင်အားဖြင့် ပသာဒ ဖြစ်စေရန် ပြုလုပ် သုံးစွဲသည့်အရာ ဖြစ်သည်။ အစားအသောက်ဆိုး ဆေးတွင် သဘာဝအပင်၊ အသီးအ ပွင့်တို့မှထုတ်လုပ်ထားသော သဘာဝ ဆိုးဆေးနှင့် ဓာတုဆိုးဆေးဟူ၍ နှစ်မျိုးရှိသည်။ အစားအစာများကို အရောင်ဆိုးရာတွင် သဘာဝ ဆိုးဆေးသည် ထုတ်လုပ်ရန်ခက်ခဲ ခြင်း၊ ကုန်ကျစ ရိတ် များပြားခြင်း တို့ကြောင့် ရောင်းချသူများအနေ ဖြင့် သဘာဝဆိုးဆေးကို အသုံးမ ပြုကြဘဲ ဓာတုဆိုးဆေးတို့ကိုသာ အစားထိုး အသုံးပြုလာကြသည်။ ဓာတုဆိုးဆေးများတွင်အစားအ သောက်တွင် အသုံးပြုရန်ခွင့်ပြုထား သော ဓာတုဆိုးဆေးများ ရှိသလို အစား အသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဓာတုဆိုးဆေးများ လည်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် အများဆုံးတွေ့ရသော အစားအ သောက် တွင်  သုံးခွင့်မရှိသည့် ဓာတု ဆေးလေးမျိုးမှာ  Auramine O  (အဝါရောင်ဆိုးဆေး)၊Sudan Dyes  (အနီရောင်ဆိုးဆေး)၊ Rhodamine  B (အနီရောင်ဆိုးဆေး)၊ Orange II  (လိမ္မော်ရောင်ဆိုးဆေး)တို့ဖြစ်ကြောင်း  ကျန်းမာရေး ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။

အဆိုပါ ဆိုးဆေးများသည် အစားအသောက်များတွင် အသုံး ပြုသည့် ဆိုးဆေးများ၊ ခွင့်ပြုထား သည့် ဆိုးဆေးများမဟုတ်ဘဲချည် ထည် ပိုးထည်များ၊ ဖိနပ်များကို အရောင်ဆိုးသော ဆိုးဆေးများ ဖြစ် ပြီးဆိုးဆေးတစ်ခုစီတိုင်းတွင် နောက် ဆက်တွဲ ဆိုးကျိုးများစွာ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိ ပေးထားသည်။

Auramine O ကိုအထူးသဖြင့် လက်ဖက်များတွင် အများဆုံး အ သုံးပြုပြီး လတ်တလော အဆိပ်အ တောက် မဖြစ်စေနိုင်သော်လည်း   ရေရှည်တွင် ခန္ဓာကိုယ်ကြီးထွားမှု ကို ထိခိုက်စေခြင်း၊ အသည်းနှင့် ကျောက်ကပ်များ ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင် သည်။ Rhodamine B  သည်ရောဂါ ရှာဖွေရာတွင် အသုံးပြုသည့် ဓာတ်ခွဲခန်းသုံး ဆိုးဆေးတစ်မျိုး ဖြစ်ပြီး ၄င်းကို မျှင်ငါးပိများ အညို ရောင် မှ ပန်းရောင်ဖြစ်စေရန် အဓိကထား အသုံးပြုသည်။ ထို ဆိုးဆေးသုံး ငါးပိကိုစားမိပါက အစာအိမ်အူလမ်းကြောင်းရောင် ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦး နှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသည့် လတ်တလောဆိုးကျိုးများ ဖြစ်ပေါ်စေပြီး Orange II  ဆိုးဆေး ပါ အစားအစာကို စားမိပါကလည်း အလားတူရောဂါများ ဖြစ်ပွားစေ နိုင်ကြောင်း သိရသည်။ ဖိနပ်သား ရေများကို အရောင်ဆိုးသောSudan Dyes  အနီရောင်ဆိုးဆေးကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့် များတွင် အများဆုံးအသုံးပြုနေ ကြောင်းတွေ့ရှိရပြီး အဆိုပါဆိုးဆေး ကြောင့် အသည်းနှင့်ကျောက်ကပ် ပျက်စီးနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

စားသုံးကုန်စည်များတွင် ဆိုး ဆေး အသုံးပြုသလိုနာနတ် သီး စိတ်၊ သရက်သီးစိတ်၊ ရေခဲချောင်း စသည်တို့တွင်လည်း လွယ်လွယ် ဝယ်ယူရနိုင်သော ဆိုးဆေးကို အ သုံးပြုနေကြပြီး အစားအသောက် များအတွက် ခွင့်ပြုထားသော ဆိုးဆေးကိုဝယ်ယူ သုံးစွဲမှုမှာ မရှိ သလောက်ပင်ဖြစ်ကြောင်း ‘မုန့်တိုက် ပွဲ’ ဟုအမည်ပေးကာစားသုံးသူ အခွင့်အရေးလှုပ်ရှားမှုကို ဦး ဆောင်နေသော ဒေါက် တာကျော် ဆွေက ပြောသည်။

”အဝတ်အစား၊ ဖိနပ်တွေမှာ ဆိုးတဲ့ ဆိုးဆေးတွေက ဈေးပေါ ပေါနဲ့ လွယ်လွယ်ဝယ်လို့ရနေတယ် လေ။ အဲဒီတော့ သရက်သီးကို ခွဲ လိုက်တယ်၊ ဆိုးဆေးဆိုးတယ်၊ အစား အသောက်အတွက်ခွင့်ပြုထားတဲ့ ဆိုးဆေးကနေရာတကာမှာ ဝယ် လို့မရဘူး”ဟု၎င်းကပြောသည်။

ဆိုးဆေးရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ

ဆိုးဆေးပါအစားအသောက် များကို စားမိပါကလတ်တလော တွင် ကျန်းမာရေးမထိခိုက်နိုင် သော်လည်း ရေရှည်တွင် အသည်း နှင့် ပတ်သက်၍ ထိခိုက်နိုင် ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာကျော်စွာဦးက ပြောသည်။

”ဆိုးဆေးမှာမှ ခွင့်ပြုထားတဲ့ ဆိုးဆေးက ဓာတုဗေဒပညာရှင် တွေ အသိအမှတ်ပြုထားတဲ့ ဆိုး ဆေးတွေလည်း ရှိပါတယ်။ ဒါပေ မယ့် လည်း လူတွေရဲ့သဘာဝအရ စားချင်စိတ်ပေါက်အောင်၊ ရေ ရှည်ခံအောင် နည်းမျိုးစုံနဲ့ သုံးလာ ကြတာတွေရှိတယ်။ ဒီမှာက Standard  တစ်ခုကို သတ်မှတ်နိုင် တဲ့ အဆင့်တစ်ခု ရှိလာရင် စား သုံးသူရော ထုတ်လုပ်သူရော အ ဆင်ပြေမှာပါ” ဟု ၄င်းက မှတ် ချက်ပြုသည်။

လတ်တလောတွင် မြန်မာနိုင်ငံ သည် ကင်ဆာရောဂါအဖြစ် အ များဆုံး နိုင်ငံစာရင်းတွင်ပါဝင် နေပြီး ကင်ဆာ၊ ဆီးချို၊ သွေးတိုး စသည့် မကူးစက်နိုင်သော ရောဂါ များဖြစ်ပွားမှုများလာကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မကူးစက်နိုင်သောရောဂါဖြစ် ရခြင်းသည် ကျန်းမာရေးနှင့်မညီ ညွတ်သော အစားအသောက်များ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း၊ ဆေးလိပ်အလွန်အကျွံ သောက်ခြင်းတို့ကြောင့်ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ သန်းဝင်းက ပြောကြားထားသည်။

ဆိုးဆေးမသုံးအောင် ဘယ်လိုဆောင်ရွက်မလဲ

ဈေးကွက်အတွင်းရှိ ကုန်စည် များကို ဝယ်ယူသုံးစွဲသူများသည် ဘေးအန္တရာယ်ကင်းစွာ သုံးစွဲပိုင် ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ သုံးစွဲသည့် ပစ္စည်းနှင့် ပတ်သက်၍သတင်း အချက်အလက်မှန်ကန်စွာ သိရှိ နိုင်ခွင့်တို့ရှိပြီး မကျေနပ်ချက်များ ကို တိုင်ကြားနိုင်ကြောင်း၊ ထိုသို့ တိုင်ကြားလာပါက စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ ရေး ရာ ဦးစီးဌာနညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။

စားသောက်ကုန်များနှင့် ပတ် သက်၍ တိုင်ကြားလာပါကကွင်း ဆင်းစစ်ဆေး၍ ပစ္စည်းနမူနာယူ ကာ FDA သို့ပို့ဆောင်စစ်ဆေး   ကြောင်း  သိရသည်။

သို့သော် စားသုံးသူများဘက် မှ တိုင်ကြားမှုအားနည်းနေပြီး ၂ဝ၁၅ ခုနှစ်တွင် ၇ မှုသာရှိခဲ့ ကြောင်း ၄င်းကပြောသည်။

လတ်တလောတွင်FDA   က တားမြစ်ဆိုးဆေး အသုံးပြုသူများ ကို အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူမည်ဟု ကြေညာ ထားသည်။ ထို့ပြင်ငရုတ် သီးမှုန့်များတွင် ဆိုးဆေးထည့်သွင်း အသုံးပြုသူများ၊ မုန့်ဖတ်များတွင် ဖော်မလင် ထည့်သွင်းထုတ်လုပ် သူများကို တရားစွဲဆို အရေးယူ သွားမည်ဖြစ်ကြောင်း သတိပေး ထားသည်။

တောင်တွင်းကြီးမြို့တွင် မုန့် တိုက်ပွဲဆင်နွှဲသူ ဒေါက်တာကျော်ဆွေ ကမူ ဆိုးဆေးများ အသုံးပြုမှု ပပျောက်စေရန် ဆိုးဆေးကို ကန့် သတ်ကုန်စည်အဖြစ် သတ်မှတ် သင့်သည်ဟု ပြောသည်။

”အရင်ကဆို ဒိုင်ယာစီပင်ကို မူးယစ်ဆေးဝါးအနေနဲ့ လူငယ်တွေ အသုံးပြုကြတယ်။ အဲဒီတော့ အစိုးရက ကန့်သတ်ကုန်အနေနဲ့ သတ်မှတ်လိုက်ပြီး အဲဒါကိုရောင်း ချင်ရင် မြို့နယ်အစားအသောက် နှင့် ဆေးဝါးကော်မတီမှာ မှတ်ပုံ တင်ရတယ်။ ဒါကိုဘယ်ကုမ္ပဏီက မှာတာလဲ၊ မှာတဲ့ အမှာစာကို လည်းပြနိုင်ရမယ်။ ရောင်းချတယ် ဆိုရင် ဆရာဝန်လက်မှတ်လည်း ပြနိုင်ရမယ်။ အဲဒီလိုပုံစံမျိုး လုပ် လိုက်တော့ ဒါကိုမူးယစ်ဆေးဝါးအ ဖြစ် သတ်မှတ်လိုက်တဲ့အတွက် သုံးစွဲမှု မရှိသလောက်ကိုနည်း သွားတယ်။ ဆိုးဆေးကိုလည်း အဲဒီလို ပုံစံမျိုးလုပ်စေချင်တယ်။ ဆိုးဆေး သွင်းတာကို စာရင်းနဲ့ပြ နိုင်ရမယ်၊ ဖိနပ်ဆိုးဆေးဆို ဖိနပ် လုပ်ငန်းကို ပဲရောင်း။ အဲဒါမှသာ ဒီပြဿနာ ပြေ လည်နိုင်မယ်”ဟု ၄င်းက ဥပမာပေး ပြောကြားသည်။

သက်ဆိုင်ရာ ဌာနများကဆိုး ဆေးများပပျောက်အောင် လုပ် ဆောင်နေသလို ဝယ်ယူစားသုံးသူ များအနေဖြင့်လည်း မျက်စိပသာဒ ကို အာရုံမစိုက်ဘဲ ကျန်းမာရေးအ တွက်ကို ထည့်သွင်းစဉ်းစားသင့် သည်ဟု အစာအာဟာရဆိုင်ရာ သိပ္ပံနှင့် နည်းပညာအသင်းဥက္က ဋ္ဌ ဒေါ်ဝင်းဝင်းကြည်က ပြောသည်။

”မျက်စိပသာဒကို လိုချင်ရင် အန္တရာယ်ဖြစ်သွားမယ်” ဟု ၄င်း က သတိပေးသည်။

မေဇင်ဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*