တနင်္သာရီမြစ်အတွင်းက နောင်တနဂါးလှေပွဲတော်

တနင်္သာရီမြစ်အတွင်းက နောင်တနဂါးလှေပွဲတော်
November 23, 2016 Asian Fame

8:52 am
တနင်္သာရီမြစ်အတွင်းက နောင်တနဂါးလှေပွဲတော်
In Photo Essay

လွန်ခဲ့တဲ့နှစ်ပေါင်း ၈၆၃ နှစ် မြန်မာသက္ကရာဇ် ၅၁၅ ခုနှစ်က တနင်္သာရီ မြစ်ဖျားပိုင်းမှာမြို့ တည်ဖို့ကြိုးစားရင်း နဂါးမင်းနှင့်အချင်းများပြီး တနင်္သာရီဘုရင် ဗြစက္ကပိတ်မင်းကြီးဟာ နဂါးမင်းကို ခက်ရင်းခွနှင့် ထိုးသတ်လိုက်တဲ့ ရာဇဝင်ကနေအစပြုကာ ဒီပွဲတော်ဖြစ်တည်လာတာပါ။

နောက်ပိုင်း ဘုရင်ကြီးက ကျေးဇူးရှင်ကို သတ်မိတဲ့အတွက် နောင်တကြီးစွာရပြီး တနင်္သာရီမြစ် ကြောင်းတစ်လျှောက်မှာရှိတဲ့ လှေတွေရဲ့ဦးခေါင်းပိုင်းမှာ နဂါးမင်းရဲ့ပုံကို ထွင်းထုစေခဲ့တယ်။ ရေကြောင်းတပ်တွေမှာ ဒီလှေတွေကို အသုံးပြုတဲ့အပြင် ရေခင်းသဘင်တွေကိုလည်း ကျင်းပပေးခဲ့ တယ်။ တနင်္သာရီမြစ်ကြောင်းတစ်လျှောက်မှာ နေထိုင်တဲ့ဒေသခံများကလည်း ဒီလိုနဂါးလှေတွေကို တည်ဆောက်ပြီး သွားလာကြတယ်လို့သိရတယ်။ အရင်က အလွန်စည်ကားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ကမ်းရိုးတန်းဒေသရဲ့ တစ်ခုတည်းသော ရေချိုမြစ်တစ်စင်းထဲမှာ ဒီပွဲတော်ဟာအစဉ်အလာမပျက် ကျင်းပလာခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်း နဂါးလှေပြုလုပ်တဲ့အလေ့အထနည်းပါးလာတဲ့အပြင် တနင်္သာရီရိုးမထဲမှာ သစ်တွေ ရှားပါးလာပြီး ကျေးရွာတချို့မှာရှိတဲ့ နဂါးလှေတွေဟာလည်း တိမ်မြုပ်ပျောက်ကွယ်စ ပြုလာတယ်။ ဒါပေမယ့် ယဉ်ကျေးမှုကိုမြတ်နိုးတဲ့လူတွေကတော့ မျိုးဆက်ပေါင်းများစွာ အစဉ်အလာမပျက် ဆက်လက်ကျင်းပနိုင်အောင် လက်ဆင့်ကမ်းပေးခဲ့တယ်။ အခုဆိုရင် တနင်္သာရီမြို့နယ်မှာ နဂါးလှေ နှစ်စင်းနဲ့ လယ်သစ်ကျေးရွာမှာ နဂါးလှေ ၄ စင်းပဲ ကျန်တော့တယ်။ နဂါးလှေပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထည့်သွင်းပေးဖို့ တင်ပြထားတာရှိသလို အဲဒီပွဲတော်ကိုလည်း နှစ်စဉ် နှစ်တိုင်း ကျင်းပနိုင်ခဲ့ပါတယ်။

ဒီနှစ်မှာလည်း သီတင်းကျွတ် လပြည့်ကျော် ၄ ရက်နေ့အောက်တိုဘာ ၂ဝ ရက်နေ့မှာ ကျင်းပ သွားပါ့မယ်။ တနင်္သာရီမြစ်ကြောင်းအတွင်းမှာ အေးဇာသီချင်းနဲ့အတူ လှော်ခတ်ပြသတဲ့ နဂါးလှေ လှော်ပွဲတော်ဟာ ဒေသခံတွေကြားမှာ လူသိများပေမယ့် မြန်မာတစ်နိုင်ငံလုံးအနေနဲ့ဆိုရင် အင်မတန် လူသိနည်းနေပါသေးတယ်။ ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်တဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အပြင် တနင်္သာရီမြစ်ကြောင်းခရီးစဉ်ကို လေ့လာရေးအနေနဲ့ လည်ပတ်သွားလာနိုင်ပါသေးတယ်။ မြန်မာ နိုင်ငံရဲ့ ရှေးအကျဆုံးပွဲတော်တစ်ခုဖြစ်တဲ့ ယဉ်ကျေးမှုအမွေအနှစ်များစွာရှိတဲ့ တနင်္သာရီတိုင်း ဒေသကြီးရဲ့ တနင်္သာရီမြို့ကလေးကို လာရောက်လည်ပတ်လေ့လာနိုင်ဖို့ ရည်ရွယ်တင်ပြပါတယ်။

ဓာတ်ပုံ – မာရိတ်သား

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*