4:42 am

စိုင်းလမင်း
နေပြည်တော်၊ နိုဝင်ဘာ ၁၅
မှတ်ပုံတင် ပြုလုပ်မထားသော ဆေးဝါးများကို ဈေးကွက်အတွင်း တွေ့ရှိပါက ပြည်သူများသတင်းပေးကြစေလိုကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာ သန်းထွဋ်က ပြောသည်။
”မိဘပြည်သူတွေကို မေတ္တာ ရပ်ခံလိုတာက ဒီလိုကိစ္စမျိုးတွေရှိရင် သတင်းပေးပါ။ ကျွန်တော်တို့ အရေး တယူ ဆောင်ရွက်လျက် ရှိပါတယ်။ အဲ့ ဒါကလည်း မဟုတ်တာတွေ ဆောင်ရွက်နေတာကို ထိန်းသိမ်းဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်။ ပေါ် သွားပြီဆိုရင် ဟိုတလောက ဘီပီအိုင် ဆေးတွေကြည့်ပေါ့။ အဲ့ဒါက အစောကတည်းက သတင်းရတဲ့ကိစ္စ။ တိတိ ကျကျ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တဲ့ အခါမှာ ထိထိရောက်ရောက် ထိန်း သိမ်းနိုင်တာပေါ့” ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။ ဈေးကွက်အတွင်းတွင် မှတ်ပုံမ တင်ထားသောဆေးဝါးများကို ဖြန့်ဖြူး ရောင်းချခွင့် မပြုထားကြောင်းနှင့် တွေ့ရှိပါက ဖမ်းဆီးမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
”ကျွန်တော်တို့ ဌာနမှာ တာဝန်တစ်ခုရှိပါတယ်။ ဆေးဝါးရရှိဖို့ပဲ ညှိနှိုင်းပေးရတာရှိတယ်။ သို့သော် မှတ်ပုံမတင်ထားရင် ခွင့်မပြုဘူး။ ပြည်သူ လူထုအတွက် စိတ်မချရတဲ့ ဆေးတွေ ခွင့်မပြုဘူး” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ဈေးကွက်ထဲတွင် တရားမဝင်ဆေးများဝင်ရောက်နေမှုများ ရှိနေသေးသော်လည်း တွေ့ရှိရမှု အလွန်ပင် နည်းပါးသွားပြီ ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ ဆေးများတွေ့ရှိ ၍ ပြည်သူများ တိုင်ကြားလာပါက လည်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
”သတင်းပေးပြီဆိုတာနဲ့ ဥပမာ ဒီဆေးဝါးတွေ မှတ်ပုံတင်မရှိဘူး။ ယူလိုက်တယ်။ ကျွန်တော်နဲ့ လျှို့ဝှက် စွာ ဆောင်ရွက်ရမယ့် ဌာနတွေက ဘယ်သူမှ အသိမပေးဘူး။ အချိန် လည်းမပြောဘူး။ ကျွန်တော်နဲ့ CID အကြီးအကဲ လောက်ပဲသိတယ်။ အဲ့ဒီမှာမှ မင်းတို့ ဘယ်သွားဖမ်းဆိုပြီးလွှတ်တယ်။ ဥပမာပြောရရင် ဒီအထဲကမှ ကျွန်တော်တို့ ဆောင်ရွက်ထားတာ နှစ်ခုရှိပါတယ်။ သတင်းစာထဲမှာ ထုတ်ပြန်ပေးမယ်” ဟု ၎င်းက တရားမဝင်ဆေးဝါးများကို ဖမ်းဆီးအရေး ယူမှုများနှင့် ပတ်သက်၍ ပြောသည်။ တိုင်ကြားလိုသူများသည် ဝ၆၇- ၄ဝ၃၁၆၇၊ ဝ၆၇-၄ဝ၃ဝ၇၃၊ ဝ၆၇- ၄ဝ၃၁၆၉၊ ဝ၆၇-၄ဝ၃၂၄၂၊ ဝ၁-၃၇၇ဝ၂၉ တို့သို့ ဆက်သွယ်တိုင် ကြားနိုင်ကြောင်း FDA မှ သိရသည်။ သြဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ ၁၃ ရက်အတွင်း ကျပ် သိန်းပေါင်း ၂၈ဝဝဝ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာလအတွင်း သတင်းထုတ်ပြန်ထားသည်။