ဂျက်ကီချန်း အော်စကာဆုရပြီ

ဂျက်ကီချန်း အော်စကာဆုရပြီ
November 16, 2016 Asian Fame

7:42 am
ဂျက်ကီချန်း အော်စကာဆုရပြီ
In International News

jakie

ဟောလိဝုဒ်၊ နိုဝင်ဘာ ၁၅

အော်စကာဆုရုပ်တုကို စတားလုံး၏ အိမ်တွင် လွန်ခဲ့သည့် ၂၃နှစ်က ဂျက်ကီချန်း တွေဖူးခဲ့ကတည်းကပင်လျှင် ထိုသို့သော ဆုမျိုးရအောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ယခုသော် သူသည် ဂုဏ်ထူးဆောင် အော်စကာဆုကို လက်ဝယ်ပိုင်ပိုင်ရလေပြီ။

“ရုပ်ရှင်လောကမှာ ၅၆ နှစ်ကျင်လည်ခဲ့ပြီး၊ ရုပ်ရှင်ကာ ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အရိုးတွေလဲ မနည်းမနောကျိုးခဲ့ပြီး နောက်ဆုံးမတော့ အော်စကာဆုကိုရခဲ့ပါပြီ”ဟု အသက် ၆၂ နှစ်ရှိနေပြီဖြစ်သော ဂျက်ကီချန်းက ဆုလက်ခံရယူသည့်နေ့ကပြောပါသည်။သူ့အား တရုတ်လူမျိုးတစ်ဦးဖြစ်စေခဲ့သည့် သူ့ဇာတိ ဟောင်ကောင်မြို့နှင့် တရုတ်တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူကြောင်းကိုလည်း သူကပြောပါသေးသည်။

“ကျွန်တော့်အရိုးတွေ ကြိုက်သလောက်ကျိုးကုန်ကြပါစေ ကျွန်တော် ရုပ်ရှင်တွေဆက်ရိုက်ဦးမှာပါ။ ပြူတင်းပေါက်တွေကနေ ခုန်ပျံပြီးကျော်ထွက်ဦးမှာပါ။ အထိုးအကြိတ်တွေလဲလုပ်ဦးမှာပါ”ဟု ဂျက်ကီချန်းကပြောပါသည်။ပီးခဲ့သည့် စနေနေ့က Hollywood & Highland စင်တာ ရှိ Ray Dolby Ballroom ၌ ကျင်းပသော ဂုဏ်ထူးဆောင်အော်စကာဆုချီးမြှင့်ခြင်း အခမ်းအနားဝယ် နာမည်ကျော် ဟောလလိဝုဒ် သရုပ်ဆောင်များဖြစ်ကြသည့် ခရစ်တပ်ကာ၊ မီရှဲလ်ယို နှင့် တွမ်ဟင့်တို့က ဂျက်ကီချန်းအား ဂုဏ်ပြုစကားများပြောကြားခဲ့ကြသည်။ဂျက်ကီချန်းသည် ကိုယ်ခံပညာကို ဟာသနှော၍ အစွမ်းပြသရုပ်ဆောင်နိုင်သူဟု အမွှမ်းတင်ပြောကြားသွားသည်။ဆုလက်ခံမယူမီတွင်ပင် ဂျက်ကီချန်းသည် သူ၏ facebook စာမျက်နှာဝယ် “တရုတ်သမိုင်းဝယ် ပထမဆုံး ဂုဏ်ပြုခံရခြင်း”ဟု ကြိုတင်ရေးသားခဲ့သည်။

အော်စကာဆုရရှိခြင်းသည် ကမ္ဘာတစ်ဝန်းမှ ချီးမြှင့်ကြသော ရုပ်ရှင်ဆိုင်ရာ ဆုပေါင်းများစွာကို လက်ခံရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု သူ့ဖခင်ကြီးကပြောခဲ့ဖူးကြောင်းကိုလည်း ဂျက်ကီချန်းက ပြောပါသေးသည်။ယခု ၂၀၁၆ ခုနှစ်အတွက် ဂုဏ်ထူးဆောင် အော်စကာဆုချီးမြှင့်ခြင်း အခမ်းအနားဝယ် ဂျက်ကီချန်းနှင့်အတူ ဖလင်အယ်ဒီတာ အန်နီ ဗွီ ကုတ်စ်(အသက် ၉၀)၊ ဒါရိုက်တာ လင်း စတယ်မာစတာ(အသက် ၈၈) နှင့် မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးသူ ဖရက်ဒရစ် ၀ိုက်စ်မန်း(အသက် ၈၆)တို့လည်း ဆုများရရှိခဲ့ကြသည်။ဂျက်ကီချန်းသည် အသက် ရှစ်နှစ်အရွယ်ကတည်းကစတင်၍ Big and Little Wong Tin Bar ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်ခဲ့သည်။

PN-002
ref: Jackie Chan Finally Wins Honorary Oscar After 56 Years And 200 Films

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*