7:53 am
အာဟာရချို့တဲ့ခြင်းကြောင့် ကလေးငယ်များ ခန္ဓာကိုယ် ပုညှက်ခြင်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လျော့ကျလာ
ဧကရီကျော်
ရန်ကုန်၊ အောက်တိုဘာ ၂၈
ကလေးငယ်များတွင် အာဟာရ ချို့တဲ့ခြင်းကြောင့်ဖြစ်ပွားသည့် ခန္ဓာကိုယ်ပုညှက်ခြင်းမှာ ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက လျော့ကျလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်ပွားသည့် ပုညှက်ခြင်းမှာ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ် အထိ ၅ နှစ်တာ ကာလအတွင်း၌ ဖြစ်ပွားမှုနှုန်းမှာ ခြောက်ရာခိုင်နှုန်းခန့် လျော့ကျလာသည်ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဒေါက်တာ ဒေါ်ခင်စောရီက ပြောသည်။ကလေးသူငယ်များတွင် ဖြစ်ပွားနေသည့် ပုညှက်ခြင်းသည် မိခင်၏ဝမ်းတွင်း၌ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသက် ၂ နှစ် ပြည့်သည့်အချိန်ထိ မကြာ ခဏဖျားနာခြင်း၊ အာဟာရ လုံလောက်စွာ မရရှိ ခြင်းများ၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရုပ်ပိုင်းဆိုင်ရာနှင့် အသိဥာဏ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို နှေးကွေးရပ်တန့်ခြင်း ဖြစ်သည်။
”ကလေးတွေကို ဒီလိုမျိုးရောဂါကနေ သက်ရောက်မှုမရှိစေဖို့ဆိုရင် မိခင်တွေက ကိုယ်ဝန်ဆောင်ချိန်ကတည်းက အစားအစာတွေကို ရှောင်တာတွေ မပြုလုပ်ရဘူး။ အာဟာရဓာတ်တွေ ပြည့်ဝဖို့ အစား အစာတွေကို ပိုမိုစားသုံးပေးသင့်တယ်။ ဒါမှ ကလေး ရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတွေက သူ့အရွယ်နဲ့သူဖွံ့ဖြိုးမယ်၊ သွေးအားနည်းတာတွေ၊ ကလေးအတွက် ပုညှက်ခြင်းတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ကလေးငယ်များပုညှက်ခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပို၍တွေ့ရပြီး မွေးစကလေးများ ကိုယ်အလေးချိန် မပြည့်ခြင်း၊ သန္ဓေသားဖွံ့ဖြိုးမှု နှေးကွေး ခြင်းများကြောင့် ပိုမိုဖြစ်ပွားမှုများဖြစ်ပြီး မွေးဖွားလာ ပါကလည်း တစ်နှစ်အောက်ကလေးများ သေဆုံးမှုကို ပိုမိုဖြစ်စေသည်။ ထိုသို့သေဆုံးမှုများ၏ အဓိက အ ကြောင်းမှာ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုသို့  မဖြစ်ပွားစေရန်အတွက် ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်ချိန်အတွင်း အာဟာရဖွံ့ ဖြိုးစေရေးအတွက် အစားမျိုးစုံ ပိုမိုစားသုံးပေးခြင်း၊ သံဓာတ်အားဆေး၊ သန်ချဆေးနှင့် ဗီတာမင်ဘီဝမ်းတို့ကို သောက်ခြင်းစသည်ဖြင့် ဆရာဝန် ညွှန် ကြားထားသည့်အတိုင်း လိုက်နာရန်လိုအပ်သည်ဟုလည်း ဒေါက်တာ ဒေါ်ခင်စောရီက အကြံပြုသည်။