8:40 am
တောင်းလိုသော ဆု
မြန်မာနိုင်ငံတွင် မန္တလေးမြို့သည်သာ အလှဆုံးဟု ကျွန်တော်ထင်ပါသည်။ မြန်မာနိုင်ငံတစ်နံတစ်လျား ရောက်ဖူးပါသည်။ မန္တလေးမြို့သို့ လေယာဉ်ချဉ်းကပ်သည်နှင့် ဧရာဝတီမြစ် ရယ်၊ ရှမ်းရိုးမရယ် ဝန်းရံထားသော မြို့အလှကို ဘောင် ခေတ်ထားသည်က မန္တလေးတောင်တော် ဖြစ်ပါ၏။
မန္တလေးမြို့၏ အရှေ့ဘက်ကို မျှော်ကြည့်လျှင် ရှမ်းရိုးမတောင်ခြေအထိ ကျယ်ပြန့်လှစွာသော လယ်ကွင်းပြင်ကြီးက မျက်စိတစ်ဆုံး။ ထိုကျယ်ပြောသော လယ်ကွင်းပြင်ကြီးအလယ်မှ ရန်ကင်းတောင်လေးကလည်းအထီးတည်း ပေါ်လွင်စွာဆွဲဆောင်မှုရှိနေသည်။ မိုးနှောင်းဆောင်းကူး သန်းယံကျူးချိန် မန်းရွှေမြို့က ရန်ကုန်လိုမဟုတ်၊ တိတ်ဆိတ်လျက်ရှိသည် ထိုသို့ တိတ်ဆိတ်နေသော ညမှာ အိပ်မပျော်သော ကျွန်တော်က Mandalay Hill Hotel ထဲမှာ ငုတ်တုတ်ထိုင်ရင်း ရတနာပုံ ရွှေ နန်းတော်ကြီးကို ငေးကြည့်နေမိသည်။ တကယ်တော့ မန်းမြို့တော်အလှ မန်းမြို့တော်ညနှင့် နန်းတော်တို့ကို
သတိမပြုမိခဲ့သော ကျွန်တော်အလိုလို ရှက်စိတ်ဝင်လာရသည်။
နန်းတော်မြို့ရိုးနှင့် ကျုံးပတ်လည်မှ အခေါက်ပေါင်း များစွာဖြတ်သွားခဲ့ဖူးသည့် အကြိမ်ပေါင်းမည်မျှဟု မရေတွက်မိခဲ့။ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်အရုဏ်မတက်မီ မိုးနှင်းမှုန်တို့ မှုံရီဝိုးတဝါးမှ နန်းတော်ကြီးကို သေချာကြည့်မိသည်။ အိပ်၍မပျော်သောသည်ည သန်းယံအလွန်မှာ အမှတ်တမဲ့နေမိသော ကိုယ့်ကိုယ်ကိုယ် ရှက်စိတ်တွေ ဝင်လာသည်။ ကျွန်တော့်ကိုယ်တွင်းမှ သွေးတို့ကိုဖောက်ကြည့်လျှင် ရွှေမန်းသွေးရွှေမန်းဆီတို့ ပန်းထွက်လာပေလိမ့်မည်ဟု ထင်မိသည်။
ရတနာပုံ မန်းရွှေမြို့အရှေ့ဆီမှ အထင်ကရ သမိုင်းဝင်ရန် ကင်းတောင်ခြေတွင် ငြိမ်သက်အေးချမ်းစွာဝပ်စင်းလျက်ရှိသော ”ကျီကုန်းရွာ”တွင် ကျွန်တော့်အဖိုး ဦးတိုးကို မွေးသည်။ မိခင်ကြီး ဒေါ်ဆင့်ကိုလည်း ကျီကုန်းရွာမှာ မွေးသည်။ မိုးရိပ်နှင့် နှင်းမှုန်တို့ ရောယှက်စပြုသည့် မန်းမြို့အလှကို ငေးကြည့်နေမိသော ကျွန်တော်သည် ခေတ်မီ အဆင့်မြင့်ဟိုတယ်ကြီးထဲမှာထိုင်နေရင်း နန်းတော်ကြီး ကိုငေးနေမိသည်။ ရင်ထဲမှာ ခံစားချက်တွေလှုပ်ခပ်လို့ နေသည်။ ရတနာပုံထီးနန်းကြီးကို စည်ပင်ဖို့ အဖိုးတို့ အမေတို့ မွေးဖွားရာဇာတိမြေမှ စိုက်ပျိုးထုတ်လုပ်သော ဆန်ရေစပါးတို့နှင့် ပံ့ပိုးခဲ့သည်။၁၈၈၅ ခုနှစ် မန်းရွှေမြို့ကို နယ်ချဲ့တို့ တိုက်ခိုက်ချိန် က အဖိုးတို့ဒေသမှ ကျွန်တော့်ဆွေမျိုးတွေက ခုခံကာ ကွယ်ခဲ့ကြပေလိမ့် မည်။ ကျွန်တော့်အဖွားတွေ၊ အဘွားတွေက မျက်ရည်တွေ တဖြိုက်ဖြိုက်ကျခဲ့ကြပေလိမ့်မည်။
ယခု ကျွန်တော့်အသက် ၈၁ နှစ်ပြည့်ပြီ။ တစ်ခါမှသည်လို မတွေးမိခဲ့၊ မိုးနှင်းမှုံတွေကြားမှာ ငြိမ်သက်ခန့်ညားစွာရပ်တည်နေသော နန်းတော်ကြီးကို တစ်ခါမှ သည်လို ငေးမောကြည့်ရှုခြင်းမရှိခဲ့၊ လွမ်းမောတမ်းဆွတ် ခြင်းမျိုး မခံစားခဲ့ရဖူးခဲ့။ ကျွန်တော့်အသက် ၃ နှစ်သား မှာ ဗြိတိသျှတို့ရဲ့ အစိုးရမင်းရုံးစိုက်ရာ မြို့ရန်ကုန်သို့ ရောက်ခဲ့ရသည်။ ကျောင်းနေခဲ့သည်။ ၁၈ နှစ်ပြည့်ချိန် မှာ စစ်တပ်ထဲဝင်ခဲ့သည်။ မြန်မာပြည်တစ်နံတစ်လျား တိုင်းနှင့်ပြည်နယ်တွေ ရောက်ခဲ့ဖူးသည်။ ယခုမှသာ မန်းမြို့ညအလှကို ခေတ်မီဟိုတယ်ကြီးထဲမှ နေ၍ အရသာခံစားမိရသောကြောင့် သမီးလေးလိုဖြစ်သော ဆရာမနန်းကလျာဝင်းကို ကျေးဇူးတွေတင်နေမိရသည်။
Asian Fame Media Group မှ CEO ၊ ပေါ်ပြူလာဂျာနယ်နှင့် ပေါ်ပြူလာနယူးစ်ဂျာနယ်များပဲ့ကိုင်ရှင် ဆရာမနန်းကလျာဝင်းက သူ့အလှူကြီးအတွက် ဖိတ် ကြားသောကြောင့်သာ သည်အချိန် သည်ဟိုတယ်ကြီးမှာ ရောက်ရှိရင်း သဘာဝကို ခံစားနေရခြင်းဖြစ်ပါသည်။ ကျွန်တော့်အမေက မန်းနယ်သူဖြစ်ပါလျက် ကျွန် တော့်ကိုမွေးသောအခါ မြို့ဇေယျာမှာဖြစ်သည်။ အသက်ဆယ်နှစ်ကျော်သော အရွယ်မှာ စစ်ကိုင်းမြို့ရှိ ခြံ ကြီးထဲမှာ ရှင်ပြုခဲ့ရသည်။ အဖေ၏ အဖေက စစ်ကိုင်း မြို့မှာ အခြေချခဲ့သူမို့ ခြံထဲမှာ မဏ္ဍပ်ထိုး၍ အလှူပေးသည်။ အညာဒေသမှ အမျိုးတွေ၊ အကျေအရပ်မှ အမျိုး တွေ စုံအောင်လာကြသည်။ဆွေမျိုးတွေပါးစပ်ဖျားမှာတော့ ကျွန်တော်တို့ ပဉ္စင်း နှင့် ကိုရင်ဆယ်ပါးသော အလှူသည် ထမင်းရည်ချောင်း စီးဟု တဖွဖွ ပြောခဲ့ကြသည်။ကျွန်တော့်အသက် တဖြည်းဖြည်း ကြီးလာသော အခါ ၃၆ နှစ်တွင် တပ်ရင်းမှူးဖြစ်လာသည်။ တိုက်ဆိုင်လှစွာပင် အမေ့ဇာတိ ကျီကုန်းရွာနှင့် တစ်နယ်ထဲဖြစ် သောပုသိမ်ကြီးမြို့နယ် ”ရေထွက်ရွာ”ရှိ ဖိုဂေါ်ရခါးတပ်မှာ ဖြစ်သည်။ တိုက်ခိုက်ရေး တပ်ရင်းဖြစ်၍ ခုနစ်လ၊ ရှစ်လကြာမှ တစ်လပြန်နားရသည်။ ထိုကာလမှာ စစ်သည်တွေ၊ သားသမီးတွေ စုပေါင်း သင်္ကန်းဝတ်၊ နားထွင်းပွဲ ကျင်းပပေးသည်။ ရေထွက်ရွာ၊ ကျီကုန်းရွာ၊ နှမ်းကျဲရွာ စသည့် ရွာနီးချုပ်စပ်ကို ဖိတ်သည်။ လာရောက် အားပေးကြသည်။ ရှင်အပါး ၁၈ဝ ကျော်အလှူဖြစ်သည်။
ဖိုးဂေါ်ရခါးအလှူကတော့ ထမင်းရေချောင်းစီး အလှူကြီးပဲဟု ပြောစမှတ်ဖြစ်ခဲ့သည်။ ကျွန်တော်တို့ကလည်း ဂုဏ်ယူခဲ့ကြ သည်။ယခု ကွယ်လွန်သူ ဖခင်ကြီးအား ရည်စူးလျက် သံဃာတစ်ထောင် သင်္ကန်းကပ်၊ ဆွမ်းဆန်စိမ်းလောင်း လှူပွဲကြီးကို ဆရာမနန်းကလျာက စီစဉ်သည်။ အဖေ့ ဘက်က ကျောက်ဆည်ဒေသမှ အမျိုးတွေ၊ အမေ့ဘက်က ရှမ်းပြည်မှ အမျိုးတွေ လာကြသည်။ CEO အလှူကို ပေါ်ပြူလာဝိုင်း တော်သူဝိုင်းတော်သားတွေက ဝိုင်းကူကြသည်။ လူငယ်တွေကို ကားနှင့် သက်ကြီးရွယ်အိုတွေကို လေယာဉ်နှင့် စီစဉ်ပေးသည်။ အောက်တိုဘာလ ၂၇ ရက်နေ့လေယာဉ်နှင့်ရုပ်ရှင်မင်းသား
နိုင်းနိုင်းက ကျွန် တော်တို့နှင့်အတူစီးလာသည်။ ဟိုတယ်မှာ အတူတည်း ကြသည်။ ၂၈ ရက် အလှူကြီးမနက်မှာ စင်ရော်မောင် မောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်တို့ နံနက်လေယာဉ်နှင့် လိုက်ပါလာမည်ဟု ဆိုသည်။ အလှူကြီးသို့ ဖိတ်ကြားခံရ၍ ဂုဏ်ယူပါသည်။ တက်ရောက်ကြည်ညိုပြီး သာဓုတွေ ခေါ်ရပါမည်။ သည်အလှူကြီးကမှ တကယ့်ကိုအလှူကြီးပါ။ သည်လောက်ကြီးသော အလှူမျိုးမတက်ဖူးပါ။နံနက် ၅ နာရီမှာ ရေထချိုးရမည်။ ရတနာပုံ နန်း တော်ကြီးကို ငေးရင်းတွေးနေမိသော အာရုံပျက်ရပါတော့မည်။ ၆ နာရီအမီ ဒက္ခိဏာရာမဘုရားကြီးတိုက်သို့ သွားရမည်။
သည်အလှူကြီးကိုသာ ထမင်းရည်ချောင်းစီးအလှူဟု ခေါ်ရပါ မည်။ သည်တော့ ကျွန်တော်တို့ လှူခဲ့ရသော စစ်ကိုင်းမြို့ မိသားစုအလှူ၊ ဖိုးဂေါ်ရခါးတပ်၏ ပုသိမ်ကြီးမြို့နယ် ရေထွက်ရွာစုပေါင်းသင်္ကန်းဝတ်အလှူတို့သည် ထမင်းရည် ချောင်းစီးအလှူမဟုတ်။ ”ထမင်းရည် မြောင်းစီး” အလှူဟုသာ ခေါ်ဆိုသင့်ကြောင်း သဘောပေါက်လာသည်နှင့် မကြာမီ ကျွန်တော်နှင့် မသက်ဆွေ အပါအဝင် ပေါ်ပြူလာဝိုင်းတော်သားအားလုံး ပါဝင်ဆင်နွှဲကြရပါ တော့မည်။ အလှူရှင်မိသားစုအတွက် ဆုတွေ တောင်းပေးရပါမည်။ အသက်ကြီးသူမို့ ဆုတောင်းဖို့သာ စဉ်းစားရင်း စိတ်ကူးတစ်ခု ပေါ်လာသည်။ပါရမီဥာဏ်မရင့်သန်သေးလို့ နိဗ္ဗာန်နှင့် အလှမ်းဝေးနေသေးသော ကာလမှာ လောလောဆယ်အားဖြင့် ”စာပေလောက ဝဲသြဂအတွင်း ပေါ်ပြူလာအုပ်စု မိသားစုတွေ ရုန်းရင်းကန်ရင်း အောင်မြင်မှုရဖို့ ကြိုး စားရင်း ခိုင်ခိုင်မြဲမြဲလက်တွဲနိုင်ကြပါစေ”…ဟူ၍ ဆုတောင်းလိုက်ချင်ပါတော့သည်။
မောင်ဆွေသက်