စီးပွားရေး အရေးကြီးသည်

စီးပွားရေး အရေးကြီးသည်
October 19, 2016 Asian Fame

10:46 am
စီးပွားရေး အရေးကြီးသည်
In Articles

စီးပွားရေး အရေးကြီးသည်

mg-myint-zaw-1

လျော့ပါးလာတဲ့ယုံကြည်မှု

နိုင်ငံတကာရဲ့ လျော့ပါးလာတဲ့ ယုံကြည်မှုဟာအရေးကြီးတယ်၊ အရေးမကြီးဘူးဆိုတာထက် ကိုယ့်လူမျိုးတွေရဲ့ လျော့ပါးလာတဲ့ ယုံ ကြည်မှုတွေက ပိုအရေးကြီးပါတယ်။ မြန်မာပြည်မှာလူဦးရေ ငါးဆယ့်နှစ်သန်းကျော်ရှိတဲ့အထဲက ကိုးဆယ်ရာခိုင်နှုန်းလောက်က အပြောင်းအလဲကို မျှော်လင့်တောင့်တပြီး တစ်ခဲ နက် ဝိုင်းမဲပေးပြီး ရွေးချယ်တင် မြှောက်ခဲ့ကြတာပါ။ လူတိုင်းမှာ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေလည်း ကိုယ်စီကိုယ်စီရှိကြပါတယ်။ ထို့အတူပဲ နိုင်ငံတော်ကြီး ပြန်လည်တည်ဆောက်ရာမှာ ကူညီလုပ်ကိုင်ပေးရမယ်။ ပါဝင်ရမယ်ဆိုရင်လည်း ဘယ်အခန်းကဏ္ဍကခိုင်းမလဲ၊ လုပ်ပေးမယ်ဆိုတဲ့အသင့်အ နေအထားမှာရှိတဲ့ ပြည်သူတွေ လည်း အများကြီးရှိပါတယ်။တစ်နည်းအားဖြင့် Passion စိတ်အားထက်သန်မှု ရှိနေချိန်မှာ ပါဝင်ခွင့်၊ အခွင့်အလမ်းတွေစီမံပြီး အများနဲ့ တစ်သားတည်းတည်ဆောက်နိုင် တယ်ဆိုရင် ဒီတိုင်းပြည်က အရှိန်အဟုန်နဲ့ တိုးတက်သွားမှာပါ။ ဒါပေမဲ့ ကိုယ့်ပြည်တွင်းမှာရှိနေတဲ့လူ တွေကအစယုံကြည်မှုလျော့ပါးလာတယ်ဆိုရင်၊ သို့လောသို့လော မရေရာတဲ့ အတွေးမျိုးဖြစ်လာတယ်ဆိုရင်၊ နေရာတိုင်း မျက်လုံးမှိတ်ပြီး ယုံနေရတယ်ဆိုရင် ဒါဟာကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ ကျွန် တော်ပြောချင်ပါတယ်။

မှန်ပါတယ်။ လူကြီးတွေလမ်း ညွှန်သလိုတိုင်းပြည်တည်ငြိမ် ငြိမ်း ချမ်းမှသာလျှင် စီးပွားရေးဟာ ဖြစ်ထွန်းမှာပါ။ တိုင်းပြည်တည်ငြိမ် ငြိမ်းချမ်းဖို့ လိုပါတယ်။ အရင်ဆုံးလုပ်ဖို့လိုပါတယ်။ ဒါ ကျွန်တော် လုံးဝဥဿုံ ထောက်ခံပါတယ်၊ ယုံကြည်ပါတယ်။ ဖြစ်လည်း ဖြစ်သင့်ပါတယ်။ သို့သော်လည်း အဲဒီလို ပြောတဲ့အချိန်မှာ ကျန်တဲ့စီးပွားရေးအကုန်လုံး ‘ရပ်’ ပြီးတော့ တိုင်းပြည်တည်ငြိမ် ငြိမ်းချမ်းဖို့တစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး လုပ်မယ်ဆိုတာထက် စီးပွားရေးလည်း သူ့ ဘာသာသူ Sustainable စဉ်ဆက်မပြတ်ထိန်းထားနိုင်မယ်၊ ငြိမ်းချမ်းရေးလည်း တစ်ဖက်က ဖော်ဆောင်မယ် ဟန်ချက်ညီညီလေး သွားနေ မယ်ဆိုရင် ပိုပြီးတော့သင့်တော်မယ်၊ အောင်မြင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ဆင့် ပြီးမှတစ်ဆင့်သွားဖို့အတွက်က

(၁) ခေတ်ကာလကကျွန်တော်တို့ ကို အခြေအနေမပေးပါဘူး၊
(၂) ပြောင်းလဲလာတဲ့ ကျွန်တော် တို့လူမှုရေးရာတွေရဲ့ ဘဝအဆင့်အတန်းအခြေအနေလူတွေရဲ့လိုလားချက်တွေက ကျွန်တော်တို့ကိုဖြည်းဖြည်းချင်းလုပ်ဖို့
အခြေ အနေမပေးပါဘူး။

တစ်ပြိုင်နက်တည်း လုပ်ရမည့် စီးပွားရေး

ဆိုလိုတာက အားလုံးကို တစ်ပြိုင်တည်းသွားတာသာ အသင့်တော်ဆုံးပဲ။ နှစ်ခုစလုံးအားစိုက်တာလည်း အကောင်းဆုံးပဲ။ ဒီနေရာမှာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်တို့လူလိုတယ်။ လူတော်လိုပါတယ်၊ လူကောင်းလိုပါတယ်။ လူတော်တယ်၊ လူမကောင်းဘူး။ လူကောင်းတယ်၊ လူမတော်ဘူး။ လူတော်သလိုလို တော်ချင်ယောင် ဆောင်နေတယ်၊ မတော်ဘူး။ လူ ကောင်းသလိုလို ကောင်းချင် ယောင်ဆောင်နေတယ်၊ မကောင်းဘူး။ မြန်မာပြည်မှာ အများကြီးပါ၊ အထူးသဖြင့် အခုခေတ်ကာလ အပြောင်းအလဲမှာတင် ပိုပြီးတော့ တောင်များပါတယ်။ ဒါလည်း အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း လူမှန်၊ နေရာမှန်၊ အချိန်မှန်မှာ ရှာဖွေဖို့ရာ စိန်ခေါ်မှုတစ်ခု ဖြစ်တယ်ဆိုတာသိတယ်။ သို့သော် မဖြစ်ဖြစ်အောင်တော့ လုပ်ရမှာပဲ။

ဒီနေရာမှာ ကျွန်တော်တောင်း ဆိုလိုတာ ကိုယ်ချင်းမစာလို့ ပြောတာလည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ကိစ္စတွေကို ကန့်လန့်ကာချလိုက် ပါ။ မြန်မာပြည်မှာ လူဦးရေ ငါး ဆယ့်နှစ်သန်းတိုးတက်အောင် ခွင့် ပြုပေးထားတဲ့ အခွင့်အရေးတွေ အခွင့်အလမ်းတွေကို အမိအရဆုပ်ကိုင်ပြီး အများတကာအလယ်မှာ ‘မြန်မာပြည်ဟေ့’ လို့ ခေါင်းမော့နိုင် အောင် ထူးထူးခြားခြား ကြိုးစား ကြပါ။ တစ်ဦးတစ်ယောက်တည်း အပေါ် မူတည်ပြီး၊ မှီခိုပြီးနေတာဟာ ကျွန်တော်တို့အားလုံးအတွက် မကောင်းပါဘူး။ မှီခိုခံရတဲ့၊ မိခင်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း ပင်ပန်းပါတယ်။ ဒါ လေးကို ဝိုင်းလုပ်ကြဖို့ ကျွန်တော်အလေးအနက်ထား တိုက်တွန်း အ ကြံပြုချင်ပါတယ်။

အခွန်နဲ့ ဒေါ်လာဈေး

ကျွန်တော်အရင်တုန်းက တီဗီအင်တာဗျူးမှာ၊ FM Radio အင်တာဗျူးမှာ တွေ့တဲ့အခါတိုင်း ပြောဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက နိုင်ငံကပြည်သူတွေ အခွန်နဲ့ ပတ်သက်ပြီး ကြောက်အောင် ခြောက်ထားတာကို၊ မလွယ်အောင်လုပ်ထားတာကို အခုခေတ်မှာ ရှင်းရှင်းလင်းလင်းသိအောင်၊ ပေးဆောင်ရ လွယ်ကူအောင်နဲ့ အရေး ကြီးဆုံးက ပြည်သူတွေ ဝန်ထုပ်ဝန် ပိုးမဖြစ်အောင် အဘက်ဘက်က လေ့လာသုံးသပ်ပြီးမှ ဖော်ဆောင် ပါ။ ဒါမှမဟုတ်ရင် အရင်လိုပဲ လိုင်စင်တွေရချင်လို့ စောင့်ဆိုင်းတဲ့ အခါ လိုင်းကြေးပေးရတယ်၊ နိုင်ငံတော်ကမရဘဲ တစ်ဦးတစ်ယောက်က အခွင့်အရေးယူ ကောင်းစားသွားတဲ့ ဘဝကို ပြန်ရောက်သွားမှာပါ။ ပြည်သူ့ဘက်ကတော့ ရှင်းပါတယ်။ ငါတို့ဆောင်တဲ့အခါ လွယ်လား၊ ဘာပြန်လုပ်ပေးမှာလဲဆိုတဲ့ မေးခွန်းလေးတွေဖြေဖို့ အစိုးရမှာ တာဝန်ရှိလာတယ်။ ကောင်းပြီ။ လိုင်စင်ယူရတယ်။ ယူရမယ့် လိုင်စင်က အလွယ်တကူမရဘူးဆိုရင် ဒီအပေါ်မှာလည်း အရင်ကရှိတဲ့ ဗျူရိုကရေစီယန္တရားကို ထပ်ပြီး တော့ အားပေးရာရောက်ပြီ၊ ဒီလိုနဲ့ ကျွန်တော်တို့ အင်မတန်မုန်းတီးတဲ့၊ မ ကြိုက်တဲ့ လာဘ်ပေးလာဘ်ယူ စနစ်တွေဘက် ပြန်ပြီး မျက်စောင်း ထိုးလာကြမယ်။

ဒီနေ့ဈေးကွက်နဲ့ ပတ်သက်လို့ ဥပမာလေးတစ်ခုကို စပြီးတော့ ဦးတည်ချင်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော် အခုရေးသားနေတဲ့ အချိန်မှာ ဖြစ်နေတဲ့ ဒေါ်လာဈေးပါ ပဲ။ ဒေါ်လာဈေးဟာ အတက်အကျ ရှိပါတယ်။ မှန်တယ်၊ ကျွန်တော်လက်ခံတယ်။ ဒေါ်လာဈေးအတက် အကျဟာ ရောင်းလိုအား (Supply) နဲ့ ဝယ်လိုအား (Demand) အပေါ်မူတည်ပြီး ဖြစ်နေတယ်။ မှန်ပါ တယ်၊ စာအုပ်ထဲမှာလည်း မှန်တယ်။ အပြင်မှာလည်း အဲဒီလို ဖြစ်အောင် လုပ်နေတဲ့သူတွေအ တွက် လုပ်နိုင်ရင် မှန်တယ်။ သို့ သော်လည်း အတက်တွေ အကြာ ကြီးဖြစ်စေ၊ အတက်အကျကြမ်းတဲ့အခါမှာဖြစ်စေ ကျွန်တော်တို့နိုင်ငံ ရဲ့စီးပွားရေးအတွက် စိန်ခေါ်မှုတွေ အများကြီး ဖြစ်ထွန်းလာမှာပါ။တစ်ဒေါ်လာကို ကျပ် ၁၁ဝဝ ဝန်း ကျင်မှာ တော်တော်ကြာကြာ ငြိမ် နေခဲ့တဲ့ ဒေါ်လာဈေးဟာ ဒီကနေ့ မှာ ၁၂၈၆ ကျပ် လောက်ထိ တက် သွားတဲ့အခါမှာ ကျွန်တော်တို့တွက် ကြည့်ရင် ၁၇ ရာခိုင်နှုန်းပေါ့ဗျာ။ ၁၆ ဒသမ ၉ ရာခိုင်နှုန်းလောက် ခုန်တက်သွားတာကို တွေ့ရပါ တယ်။ ဒီနှစ်လလောက်အတွင်းမှာခုန်တက်တဲ့ ရာခိုင်နှုန်းပေါ့နော်။

ထို့အတူပဲ ရွှေဈေးတွေက ၉ သိန်းလောက်ထိ လိုက်တက်တယ်။ ဘာဖြစ်လို့လဲ၊၊ ကျွန်တော် ခဏ ခဏပြောဖူးပါတယ်၊ သတိပေးဖူး တယ်၊ မြန်မာနိုင်ငံမှာ Speculator ဆိုတဲ့ဒီအပေါ် အခွင့်အရေးယူပြီး ကစားမယ့်သူကရှိပြီးသား။ အစိုးရအပေါ်ကို သူတို့လုပ်လို့ရပြီလို့ ယူဆတဲ့အခါ ချကစားမှာပဲ။ စလုပ်မှာပဲ။ ဒီကွာဟချက်ကို ကိုယ့်အိတ်ထဲထည့်ဖို့ ကြိုးစားတော့မှာပဲ။ ပိုဆိုးတာက ဘယ်စီးပွားရေးမှ ထင်သလောက်မဖြစ်တဲ့အခါ ဒီကိစ္စကို သူတို့ လှည့်တော့တာပဲ။

တွက်ကြည့်ရအောင်

ဒေါ်လာဈေး အတက်အကျ စကားလေး ပြန်ဆက်ရအောင်။ တစ်ဒေါ်လာကိုကျပ် ၁၁ဝဝ ကနေ ကျပ် ၁၂၈၆ ဆိုတော့ ၁၇ ရာခိုင် နှုန်းပေါ့ဗျာ။ ၁၇ ရာခိုင်နှုန်းဟာ များလားဆိုရင် Business အနေ နဲ့ တွက်ကြည့်ရင်များတယ်လို့ဆိုရမှာပဲ။ ဥပမာအနေနဲ့ ကျွန်တော်တို့လုပ်ငန်းတစ်ခု လုပ်ကြည့်ရအောင်။ လုပ်ငန်းတစ်ခု စပြီဆိုရင် ကိုယ်ရောင်းချင်တဲ့ Product ကုန်စည် ဒါမှမဟုတ်ရင် Service ဆောင်ရွက်မှုကို သတ်မှတ်ရပါတယ်။ ထုတ်လုပ်ရတယ်၊ ဝယ်ရတယ်။ ဈေးနှုန်းသတ် မှတ်တဲ့အခါမှာထုပ်ပိုးမှု ပုံသဏ္ဌာန်အပေါ်မူတည်ပြီး၊ ယူနစ် (Unit) တစ်ခုအနေနဲ့တွက်ရပါတယ်။ အဲဒီ ထုပ်ပိုးမှု ပုံသဏ္ဌာန်ပေါ်မူတည် ပြီး ရေတွက်ပုံကွာပါတယ်။ တချို့ ကုန်စည်ကျတော့ကာတွန်း (Carton) လိုက်ဖြစ်မယ်၊ ဖာ (Case) လိုက်ဖြစ်မယ်။ သံဘူး (Can)ဖြစ်မယ်၊ စက္ကူဘူး (Paper box) ဖြစ်မယ်၊ တချို့ ဟာတွေကျရင် ဂါလန်၊ ပိဿာတို့ စသည်ဖြင့် ဖြစ်ပါလိမ့်မယ်။ လွယ်လွယ်ကူကူနားလည်အောင် တစ်ဘူးနှုန်းဆိုကြပါစို့၊ လုပ်ငန်းအတွက် တစ်ဘူးကို ၈ဝ ကျပ်နဲ့ဝယ်တယ်။ ကျပ်တစ်ရာနဲ့ ပြန်ရောင်းပါတယ် ဆိုပါစို့။ ၈ဝ ကျပ်နဲ့ဝယ်တယ်၊ ၁ဝဝ နဲ့ ရောင်းတဲ့အခါမှာ အကြမ်းအမြတ်ကgross profit ၂ဝ ကျပ်ရ တယ်။

တစ်နည်းအားဖြင့်၂ဝ ရာ ခိုင်နှုန်း (နှစ်ဆယ်ရာခိုင်နှုန်း) ရတယ်ပေါ့။ ဒါကိုအကြမ်းအမြတ်လို့ ဘာဖြစ်လို့ခေါ်ရလဲဆိုရင် အဲဒီအထဲမှာ အခွန်ကို မနုတ်ရသေးပါဘူး။ အခွန်က ငါးရာခိုင်နှုန်းဆိုရင် ၁၅ ရာခိုင်နှုန်းပဲ ကျန်တော့မှာ။ ပြီး တော့ ကျွန်တော်တို့ Overhead costs လို့ခေါ်တဲ့ ဝန်ထမ်းလစာ၊ ရုံးခန်းငှားထားတဲ့စရိတ်၊ ကားတွေဝယ်ထားတဲ့စရိတ်၊ ရုံးမှာသုံးနေတဲ့ အသုံးအဆောင်၊ ရေ၊ လျှပ်စစ် စရိတ်။ အဲဒီစရိတ်တွေကို ထည့် ပေါင်း၊ ဒါတွေပဲလားဆိုတော့ မဟုတ်ဘူး၊ Operational costs လို့ ခေါ်တဲ့ ဆိုင်တွေကိုသွားရမယ့် အခါမှာသုံးရမယ့်ဓာတ်ဆီ၊ သွားရမယ့်လမ်းကြောင်း၊ လိုအပ်တဲ့ စာရွက် စာတမ်းတွေ၊ သူတို့ကိုပြရမယ့် နမူနာ၊ ကိုယ့်ပစ္စည်းဆောင်ရွက်မှုကို သိအောင်လုပ်ရမယ့် marketing စရိတ်၊ ကြော်ငြာထည့်ရမယ့်ဟာ တီဗီမှာထည့်မှာလား၊ သတင်းစာထဲထည့်မှာလား Bill Board ထောင်မှာလား၊ ဒါမှမဟုတ်ရင် Social media ခေါ်တဲ့ Facebook မှာထည့်မှာလားစတဲ့ စရိတ်။ ကျန်သေးတယ် ……ဘာလဲဆိုတော့ Distribution ဖြန့်ချိရေးသမားကို ပေးရမယ့် ကော်မရှင်။ ဟုတ်တယ်လေ၊ ကိုယ်က အစအလယ်အဆုံးအကုန်လုပ်လို့ မရဘူး။ အဲဒီအပြင် Sales team အရောင်းသမားကို
ပေးရမယ့် အရောင်းနဲ့ ပတ်သက်တဲ့ကော်မရှင်၊ အဲ့ဒါတွေ နုတ်လိုက်ရင် သာမန်လုပ်ငန်းတစ်ခုဟာ သုံးရာခိုင်နှုန်းနဲ့ ခုနစ်ရာခိုင်နှုန်းကြားပဲ ကျန်တော့တယ်။ ဒီ့ ထက်ပိုပြီးတော့ မကျန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ဒီခေတ်မှာ Overhead costs တွေက အရမ်းကြီးလို့ဖြစ်ပါတယ်၊ အဲဒီတော့ စဉ်းစားကြည့်၊ အသားတင်အမြတ်ခေါ်တဲ့ Net profit ကမှ သုံးရာခိုင်နှုန်းနဲ့ ခုနစ်ရာခိုင်နှုန်းပဲကျန်မယ်ဆိုရင် အခုတက်လာတဲ့ ၁၇ ရာခိုင်နှုန်းကို ဘယ်သူကပေးရမလဲ။ ဘာ နဲ့ကာမှာလဲ ၊၊ စီးပွားရေးသမားတွေအနေနဲ့ကတော့ ရှင်းရှင်းလေး။ ဒီဒေါ်လာဈေးနှုန်းက တစ်ပတ်တက်မှာလား၊ နှစ်ပတ်တက်မှာလား ဆို တာကိုတွက်မယ်။ ငါတို့ဘယ် လောက်ခံနိုင်မလဲ ဆိုတာကိုတွက်မယ်။ တွက်လိုက်လို့ ပုံမှန်အားဖြင့် တော့တစ်လကျော်အထိ ဘယ်သူမှ မခံနိုင်ဘူး။

ကဲ… ကောင်းပြီ။ တစ်လကျော်လာပြီဆိုပါစို့။ စီးပွားရေးသမားတွေ ကစစဉ်းစားတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မြတ်တာက သုံးရာခိုင်နှုန်းကနေ ခုနစ်ရာခိုင်နှုန်း။ဒေါ်လာဈေးက ၁၇ ရာခိုင်နှုန်း တက်နေပြီဆိုတော့ သူတို့အရှုံးက တော်တော်များနေပြီ။ လုပ်ငန်းဆက်လည်ပတ်ဖို့အတွက်လည်း လိုအပ်တာတွေရှိတယ်။ အဲ့ဒီအတွက် သူဘာလုပ်တော့မလဲဆိုရင် ဈေးတင်တော့မှာပေါ့။ ကောင်းပြီ။ ဈေးတင်မယ်ဆိုရင် သူဘယ် လောက်တင်မလဲ။ ၁၇ ရာခိုင်နှုန်းပဲတင်မလား။ နိုး နိုး (No.. No.) ၁၇ ရာခိုင်နှုန်းပဲ တင်လို့ထပ်ပြီးတက်သွားရင် ဘယ်လိုလုပ်မလဲ။ ဆိုတော့ ဘေးရန်ဆီးကာဆိုသလို သူ ၂ဝ-၂၅ ရာခိုင်နှုန်းလောက်တင် မယ်။ ၂ဝ-၂၅ ရာခိုင်နှုန်း တင်တဲ့ အခါမှာ သူ့ရဲ့ ဃသာစနအငအသမျ တွေ၊ ပြိုင်ဘက်တွေကရော ဈေးချပြီး ရောင်းမယ်ထင်လား။ မရောင်း ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကလည်း ဒီလိုပဲခံစားနေရလို့။ သူတို့ အားလုံးဈေးတွေမြှင့်တင်လာမယ်။ ဈေးတွေမြင့်တက်လာတဲ့အခါ ဘာ ဖြစ်လာမလဲဆိုတော့ တစ်ဖက်က ကျွန်တော်တို့စားသုံးသူ၊ အများ ပြည်သူဝန်ထမ်းတွေကို ပြန်ကြည့် ကြရအောင်။ သူတို့အတွက်က ဈေးတက်လို့ လခ တိုးပေးတယ်။ ဒေါ်လာဈေးကျလို့ လခလျှော့ပေးတယ်ဆိုတာ မရှိဘဲနဲ့လုပ်ခလစာက Competitors တစ်သမတ်တည်း ဖြစ်နေတယ်။ တစ်နည်းအားဖြင့် ဝင် ငွေ (Disposable income) က တစ်သမတ်တည်း Consistent ဖြစ်တဲ့အခါမှာ၊ အကန့်အသတ် Limitation တွေရှိလာတဲ့အခါမှာ စပြီးတော့ ပြဿနာတက်ပါတယ်။

ကိုယ့်ရဲ့ မိသားစု နိစ္စဓူဝလိုအပ်ချက်၊ စားဝတ်နေရေးအတွက်၊ ဝမ်းစာရေး၊ ပညာရေးအတွက်၊ မလုံလောက်မှု တွေဖြစ်လာပြီး၊ ဒီမလုံလောက်မှု တွေ ဖြစ်လာတဲ့အခါ လူတွေက ပြဿနာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရင်း၊ ဖြေရှင်းရင်းနဲ့ မရ တော့တဲ့အခါ ထွက်ပေါက်တွေ စကြည့်လာတယ်။ ဥာဏ်နီ၊ ဥာဏ်နက်တွေ သုံးပြီးရပေါက်ရလမ်း ရှာလာကြတယ်။လုပ်ကြည့်ရင်း၊ လုပ်ကြည့်ရင်းနဲ့ ကိုယ်ကျင့်တရား တွေထိခိုက်လာတယ်။ တစ်ယောက် ဆီက တစ်ရာကျပ်လောက်ယူလို့ ဘာမှမဖြစ်ပါဘူး၊ နှစ်ရာကျပ် လောက်ယူလို့ ဘာမှမဖြစ်ပါဘူး။ ငါ့ကို သိတတ်သမှုနဲ့ လာပေးအောင် လို့ ငါ ကျစ်ထားလိုက်ရင်”စသည် ဖြင့် ကိုယ်ကျင့်တရားတွေ စပျက်လာတယ်။ ဒီကိုယ်ကျင့်တရားတွေ ပျက်ရင်းပျက်ရင်းနဲ့ အသေးလေး တွေကနေ အကြီးကြီးဖြစ်တဲ့အခါ မှာ တစ်ယောက်စ၊
နှစ်ယောက် စကနေ ဒီတိုင်းပြည်တစ်ခုလုံးပျက်စီးတဲ့အထိကို ရောက်သွားနိုင်တယ်။

စီးပွားရေးဟာ အရေးကြီးပါတယ်

ဒါကြောင့်မို့ ကျွန်တော်ဒီလို ပြောချင်ပါတယ်။ စီးပွားရေးဟာ အရေးကြီးပါတယ်။ စီးပွားရေးဟာ စဉ်ဆက်မပြတ်ဆက်သွားနေဖို့လည်း ပိုပြီးအရေးကြီးပါတယ်။ ဒီခေတ်ဒီအချိန်မှာ နိုင်ငံတွေ နိုင်ငံ ရေးပြောတယ်၊ နိုင်ငံရေးဆွေးနွေး တယ်ဆိုတာဟာ ကျွန်တော်တို့ Third country လို့ခေါ်တဲ့ Emerging country လို့ ခေါ်တဲ့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေက၊ ငြိမ်းချမ်းရေးတည်ငြိမ်ရေး၊ အလုပ်အကိုင်ရရှိ ရေးအခွင့်အလမ်းကို ဦးတည်ပြီး ပြောနေတဲ့ Political ကို သွားနေပေမယ့်လည်း Developed country, Developing country လို့ခေါ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ သူတို့ပြောနေတဲ့ Political ဆိုတာက စီးပွားရေးပဲ။ နိုင်ငံတစ် နိုင်ငံနဲ့တစ်နိုင်ငံ မျက်စောင်းထိုးတယ်၊ အပြစ်ရှာတယ်၊ စီးပွားရေး ပဲ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အငြင်းပွားပြီး လက်ညှိုးထိုးတယ်၊ စီးပွား ရေးပဲ။ တစ်နိုင်ငံကို တစ်နိုင်ငံစစ်မက်ပြုတယ်၊ စီးပွားရေးပဲ။ ဒီမှာ စီးပွားရေးက ဆွေးနွေးစရာအရေးပါတဲ့ ခေါင်းစဉ်တစ်ခုဖြစ် လာပါတယ်။ ဒီနေရာမှာလည်း
ကျွန်တော်တစ်ခုပြောချင်ပါတယ်။ လောကမှာ မြတ်စွာဘုရားကလွဲလို့ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်လည်း ပြည့် စုံတယ်ဆိုတာ မရှိဘူး။ လူတိုင်း လူတိုင်းမှာလည်း အလုံးစုံ တတ် မြောက် နားလည်တယ်ဆိုတာမရှိ ပါဘူး။ အားလုံးမှာ အားနည်းချက်ရှိတယ်။ အားသာချက် ရှိတယ်။ အဲဒီအတွက်လည်း ကိုယ်ကတော့ ဖြင့် ဘယ်မှာအားနည်းလဲ၊ ဘယ်မှာအားသာလဲဆိုတာ၊ သိအောင်လုပ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ် ကိုယ်ဝန်ခံရဲရမယ်။ ရိုးသားရမယ်၊ ဖြောင့်မတ်ရမယ်။ ပြီးရင် လုပ်နိုင် တဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ။ ကိုယ် ‘သိ’ တာနဲ့ ‘တတ်’တာ မတူဘူးဆိုတာ အပြည့်အဝ လက်ခံထားပေးပါ။ မလုပ်နိုင်တဲ့ အလုပ်ကို လုပ်တတ် သလိုနဲ့ သွားမနေပါနဲ့။ ပွင့်ပွင့်လင်း လင်း ပြောတတ်အောင်ကျင့်ပါ။ ”မသိဘူး”၊ ”မတတ်ဘူး”ဆိုတဲ့ဟာ က ရှက်စရာမဟုတ်ပါဘူး။ နားမလည်တဲ့အရာကြီး ဖိလုပ်နေပြီးတော့ နားလည်တယ်လို့ လူအထင်ကြီးခံချင်တာကမှ တကယ်ရှက် စရာကြီးပါ။ မသိဘူး၊ မတတ်ဘူးဆိုရင် သိတဲ့၊ တတ်တဲ့သူကို အကူအညီတောင်းရဲရမယ်။ ဘယ်သူကတော့ဖြင့် ဒီကိစ္စကို ကူညီနိုင်တယ်ဆိုတဲ့ လူမှန်၊ နေရာမှန် ရွေး ရမယ်။ ဒီနေရာမှာ နိုင်ငံတကာရဲ့အကူအညီတွေ၊ အကြံဥာဏ်တွေကို ယူလို့ရပါတယ်။ သို့သော် မြန်မာပြည်ကြီး အောင်မြင်တိုးတက်ချင်တယ်ဆိုရင်တော့ ”မြန်မာလူ မျိုးကပဲ ဦးဆောင်အားစိုက်ပြီးလုပ် ရမှာ”။ ဘယ်သူမှ မြန်မာပြည်အတွက် သူတို့အကျိုးမရှိဘဲ အလကား လာလုပ်ပေးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကမြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ မြန်မာတိုင်းရင်းသားတွေ မဟုတ်တဲ့အတွက်ပါ။ အဲဒါကိုတော့ သတိမြဲမြဲ ချပ်စေချင်ပါတယ်။

Politician # Administrator # Activator

ကျွန်တော်ကတော့ ကဏ္ဍသုံးခုခွဲပြီး လေ့လာချင်ပါတယ်။ ဘာဖြစ်လို့ ခွဲခြားလေ့လာရသလဲဆိုရင် တစ်ခုနဲ့တစ်ခု မတူညီလိုပေါ့ဗျာ။ နိုင်ငံတစ်နိုင်ငံ ဖြစ်ဖြစ်၊ ကုမ္ပ ဏီတစ်ခုဖြစ်ဖြစ်၊ စနစ်ဖြစ်ဖြစ်မှာ Politician, Administrator, Activator ရှိတယ်လို့ အကြမ်းအားဖြင့် (၃) မျိုးသတ်မှတ်လို့ရပါတယ်။ Politician သည်တိုင်းပြည်၊ကုမ္ပဏီ တိုးတက်အောင်အဖြေရှာမယ်၊ လူထုကိုဆွဲဆောင်မယ်၊ စည်းရုံးမယ်၊ မူဝါဒချမယ်၊ Legalization လုပ်မယ်၊ ရေတိုရေရှည်စီမံကိန်းတွေနဲ့ သူသွားချင်တဲ့လမ်းကြောင်းအတိုင်း ငါးနှစ်၊ နောင်ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာဖြစ်ချင်တာတွေကို အကောင်အထည်ဖော်မယ်။ ဒါက Politician ရဲ့အလုပ်။ Administrator ရဲ့အလုပ်က Policy တွေ စနစ်တကျဖြစ်အောင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာတွေ၊ SOP (Standard Operation Procedure) သတ်မှတ်ပြီးတော့ ရှေ့က Politician တွေရဲ့ Policy ကို မူနဲ့ဘောင်နဲ့စနစ်တကျပြန်လည် ဖော်ဆောင်ပေးရမယ့်အလုပ်။ လိုအပ်တဲ့လူ၊ ပစ္စည်း၊ ငွေကြေးကို ရှာဖွေရမယ့်အလုပ် အဲဒီလိုဖော်ဆောင်လို့၊ ပြင်ဆင်လို့၊ ပြီးပြီဆိုတဲ့အခါမှ Activator ဆိုတဲ့ တကယ်လုပ်မယ့်သူတွေက၊ လက်တွေ့ အကောင်အထည်ဖော်ရမယ်။ အဲဒီတကယ်လုပ်တဲ့သူတွေကို Politician နှင့် Administrator နဲ့ ကျွန်တော်တို့ပြည်သူတွေက လိုက်နာ၊ ကူညီ၊ ဆောင်ရွက်ခြင်းနဲ့ ပန်းတိုင်ရောက်အောင်ပံ့ပိုးရတယ်။ ကူညီရတယ်။ Policy ချတဲ့သူတွေ က Policy ချမယ်။ Administration ဆိုတဲ့စည်းမျဉ်း၊ စည်းကမ်း၊ ကိန်းဂဏန်း၊ လုပ်သင့်လုပ်ထိုက်တဲ့ အစီအမံတွေလုပ်ပေးမယ်။ Activator တကယ်ဖြစ်အောင်လုပ်မယ့်သူကတော့ ဖြစ်အောင်လုပ်ရမယ်။

ကျွန်တော်တို့ Business မှာလည်း ဒီအတိုင်းပဲ။ ကုမ္ပဏီတစ်ခုရဲ့ ရည်မှန်းချက်’Vision’ ဆိုတာ အရင်ချရတယ်၊ နောင်တစ်နှစ် ဒါမှမဟုတ် ငါးနှစ်၊ဆယ်နှစ်မှာ ကိုယ် ဘာဖြစ်ချင်တယ်၊ ဘယ်ရောက်ချင်သလဲဆိုတာ အဲဒီကိုသွားဖို့အတွက်ကိုဘာတွေလဲ Mission, အဲဒီ Mission တွေမှာမှ ဘယ်ဌာနက တော့ဖြင့် ဘာတွေ ဘယ်လိုလုပ်ရမလဲဆိုတဲ့ Submission တွေလိုတယ်။ အဲဒါတွေ အားလုံးကို Strategy လို့ခေါ်တယ်။ တစ်နည်းအားဖြင့် ဘယ်လို စီမံကိန်းချမယ်၊ နည်းဗျူဟာ၊ မဟာဗျူဟာ ဘယ်လိုချမလဲဆိုတာ တွေးရတယ်။ အဲဒီလိုလုပ်ဖို့ တွေးပြီးတဲ့အခါကျမှ ကျွန်တော်တို့ Company တွေကို ချရတယ်။ ဒီ Policy ကို HOD လို့ ခေါ်တဲ့ Head of Department ဌာနမှူးတွေက သူ့ သက်ဆိုင်ရာဌာနအလိုက်ခွဲဖြာပြီးချပေးရတယ်။ Manual တွေ လုပ်ပေးရတယ်၊ (SOP) Standard Operation Procedure တွေ အပြည့်အစုံပေးရတယ်။ Guideline ပေးရတယ်၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြစ်တဲ့ Contract တို့၊ Agreement တို့ လူတစ်ယောက်ခန့်ပြီဆိုရင် Job description (JD) ရှိရတယ်။ တစ်ယောက်ချင်းကိုတာဝန်ပေးဖို့ KPI ဆိုတဲ့ Keep Performance Indicator ရှိရတယ်။ အဲလိုတွေ အကုန်လုံးသတ်မှတ်ပြီးပြီဆိုတော့ မှ ရလဒ်ကောင်း၊ အဖြေကောင်းရအောင် လုပ်ပေးမယ့် Activator တွေ လိုလာတယ်။ ဒီ Activator (Sale , Promoter, Marketing) တွေကမှလိုချင်ရအောင်၊ Activator တွေအောင်မြင်အောင်လိုအပ်တာတွေ ကိုအခြားဌာနတွေက ဝိုင်းဝန်းကူညီပံ့ပိုးရပါမယ်။ ဒါမှသာလျှင်တိုးတက်အောင်မြင်မှာပါ။

နိဂုံး

ကျွန်တော် ဒီလိုနိဂုံးချုပ်ချင်ပါတယ်။
(၁) တိုင်းပြည်က စီးပွားရေးတန့် နေတာ မကောင်းပါဘူး။
(၂) စီးပွားရေးနဲ့ပတ်သက်လို့ ကျွန် တော်တို့ တစ်ခုခုလုပ်ထားဖို့လိုပါတယ်။ ကျွန်တော်တို့ စီးပွားရေး လမ်းကြောင်းပေါ် ရောက်ဖို့လိုပါ တယ်။
(၃) စီးပွားရေးတံခါးကြီး (အခွင့် အလမ်း) မဖွင့်ခင်မှာ ကျွန်တော် တို့ဟာ စီးပွားရေးတံခါး အဝနားမှာ ရှေ့ဆုံးကနေ တန်းစီထားဖို့လိုပါတယ်။ လိုအပ်ရင်
ဒီစီးပွားရေးတံ ခါးကြီးကို တွန်းပြီးဖွင့်ဖို့ အင်အားရှိ ဖို့လည်း လိုပါတယ်၊ ဒါကြောင့် စီး ပွားရေးဟာ အရေးကြီးပါတယ်ဆို တဲ့ အတွေးလေးကိုအပြန်ပြန်အ လှန်လှန်
စဉ်းစားပြီးတော့ လက်ခံပေးပါ။ ဖော်ဆောင်ပေးပါ၊ ဒါဟာ ယနေ့ မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပါတယ်။ ကျေးဇူးတင်ပါတယ်။

မောင်မြင့်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*