အိုဘယ့် E – Government

အိုဘယ့် E – Government
October 19, 2016 Asian Fame

8:33 am
အိုဘယ့် E – Government
In Articles

အိုဘယ့် E - Government

egov

၂၁ ရာစုအတွင်း အချိန်နှင့်အမျှ ပြောင်းလဲလာနေသော နည်းပညာများစွာတို့၏ လှိုင်းဂယက်နှင့် အတူ ဖွဲ့စည်းပါဝင်နေကြသော လူသားတို့၏ နိစ္စဓူဝလုပ်ငန်းစဉ်များ သည်လည်းသမားရိုးကျ ဆောင်ရွက်လုပ်ကိုင်နေကြရာမှ နည်းပညာလှိုင်းကို စီးနင်း၍ အသွင်သဏ္ဌာန်သစ်ကိုယူကာ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝထဲသို့ စိမ့်ဝင်ပျံ့နှံလာနေကြောင်း သတိပြုမိကြမည် ဖြစ်ပါသည်။

မကြာသေးခင်ကပင် လွှတ်တော်အတွင်း E-Government ဟူသောအသံများကို ပြန်လည်ကြားနေရသည်။ ထိုကဲ့သို့အသံထွက် ပေါ်လာခဲ့ခြင်းသည်လည်း လွန်ခဲ့သော ၂ဝ၁၁ ခုနှစ်မှစ၍ ၃ နှစ်ခန့်ကျပ် ၁၆ ဘီလျံ ခန့်အကုန်အကျခံဆောင်ရွက်ခဲ့ပြီးမှ လားလားမှပင် မအောင်မြင်ခဲ့သောစနစ်တစ်ခုကို ပြန်လည်အသက်သွင်း ရန်ကြိုးစားနေခြင်းပင် ဖြစ်မည်။ ဝန်ကြီးဌာန ကိုယ်စားပြုသည့် အင်တာနက် စာမျက်နှာ (Web Page) များ လွှင့်တင်နိုင်ခဲ့ကြသည်။ အများစုမှာ web page များကို ပြင်ပမှ ICT ကျွမ်းကျင်သူ ပညာရှင်များနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက် ခဲ့ကြခြင်းဖြစ်သော်လည်း အားနည်းချက်မှာမူ ၎င်း web page များအား စီမံခန့်ခွဲသူ (web admini-strator) ထား၍ ဝန်ကြီးဌာနများ၏ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီသောအချက်အလက်များ၊ ကိန်းဂဏန်းများအား web page များတွင် လွှင့်တင်မပေးနိုင်ခြင်းပင် ဖြစ်သည်။

အမှန်တကယ်တွင် မြန်မာနိုင်ငံ၏ E-Government ဖော်ဆောင်မှု အနေအထားသည် နောက်ကျသည့်အနေအထားပင် ဖြစ်နေပြီ အိမ်နီးခြင်းထိုင်းနိုင်ငံပင် မဆိုထား နှင့် မလှမ်းမကမ်းအခြေ အနေမဝေးကွာလှသော ဗီယက်နမ်ကိုပင် လိုက်မမီသေးသည့် အခြေအနေ ဖြစ်သည်။ E-Government လုပ်ငန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်မှာ အစိုးရ၏ ချမှတ်သော မဟာဗျူဟာ၊ ပါဝင်သက်ဆိုင်သူများ၊ နည်းပညာ စသည်တို့အားလုံးကို ပေါင်းစပ်ညှိ နှိုင်းကာ လက်တွေ့ အကောင်အထည်ဖော်ရသော ကျယ်ပြန့်ခက်ခဲသည့် လုပ်ငန်းစဉ်ဖြစ်သည်၊၊ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ E-Government အသွင်ပြောင်းလဲမှုဖြစ်စဉ်၏ ပထမဆုံးသောအချက်မှာ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော အကြောင်းအရာများ၊ Website ပြုလုပ်ပြီး သတင်းအချက်အလက် ထုတ်လွှင့် ဖြန့်ချိခြင်း ဖြစ်ပါသည်၊၊ ထို့နောက် ယင်း Online ချိတ်ဆက်နိုင်သည့် Online Interface နှင့် အစိုးရအဖွဲ့အစည်း၏ လုပ်ငန်းရပ်များကို ချိတ်ဆက်နိုင်ရာမှ ပြည်သူလူထုအနေဖြင့် အစိုးရလုပ်ငန်းများ နှင့် Electronic ပုံစံချိတ်ဆက်ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။ ထို့နောက် ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်သည်၊၊

Web- portal များထူထောင်လာနိုင်သဖြင့် အစိုးရနှင့် ပြည်သူအကြား One- to- One- Relation-ship လုပ်နိုင်လာရာ အစိုးရနှင့် ပြည်သူလူထုအကြား နှစ်လမ်းသွားဆက်သွယ်မှု Two-Way Communication Channels များကို ဖော်ဆောင်လာနိုင်ခဲ့ကြသည်။ ထို့ နောက် E-Government ၏ နောက်ဆုံးအဆင့်တွင်မူ ပြည်သူလူထုသည် အစိုးရအဖွဲ့အစည်းများအား သီးခြားစီအကွဲကွဲအပြားပြားဆက်ဆံရမည့်အစား အစိုးရ အဖွဲ့အားလုံးအတွက် ဆက်သွယ်မှု တစ်ခုတည်းဖြင့် ဆောင်ရွက် လုပ်ကိုင်နိုင်သည့် One- Stop- Shop ပုံစံ ဖြစ်လာပေမည်၊၊

လက်ရှိအချိန်တွင် မိုဘိုင်းအော်ပရေတာများ ၏ ကောက်ယူထားသည့် စာရင်းများအရ မြန်မာပြည်တွင် တယ်လီဖုန်းလွှမ်းခြုံမှု ၉၅ ရာခိုင် နှုန်းရှိနေပြီး မြန် မာပြည်သူများ၏ ၂၅ သန်းကျော်သည် မိုဘိုင်းဖုန်းဝန်ဆောင် မှုကိုရရှိနေကာ ၁ဝ သန်းထက်မနည်းသော လူဦးရေသည် အင်တာနက်ကို အသုံးပြု နေကြသည်။ ယခု အခြေအနေသည် E-Government ကိုပြန်လည်စတင်ရန်အချိန်ကောင်းပင် ဖြစ်သည်။ သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ (ICTs) ကြောင့် အစိုးရနှင့် ပြည်သူများအကြား သတင်းအချက်အလက်များ၊ အသိပညာများဖလှယ်မှု လွယ်ကူလျင် မြန်လာသည်နှင့် လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပိုမိုချောမွေ့ အဆင်ပြေလာစေမည်ဖြစ်သည်။ အစိုးရယန္တရားကို ပြောင်းလဲလိုက် ခြင်းကြောင့် အစိုးရ၏ စွမ်းဆောင်ရည်များ ပိုမို မြင့်မားလာစေရန်၊ ပွင့်လင်းမြင်သာမှုများလည်း ပို၍ ရှိလာနိုင်မည်။

၎င်းသည်ပင် နိုင်ငံရေးသမားများနှင့် အစိုးရများ ထပ်ခါတလဲလဲ ပြောဆိုနေသော ပြည်သူ့ဗဟိုပြုစနစ်ကိုပင်ဖြစ်သည်။ ယင်းတွင်အရေးကြီးသော မောင်းနှင်အား တစ်ရပ်အနေဖြင့် အစိုးရ၏ လုပ်ပုံ ကိုင်ပုံ၊ သတင်းအချက်များကို စီမံကိုင်တွယ်ပုံ၊ ပြည်သူများနှင့် ဆက်ဆံပုံဆက်ဆံနည်းများ ပြောင်းလဲလာ ခြင်းများသည်ပင် E-Government ၏ လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။

အောင်မြင်သော E-Government ဆိုသည်မှာ နောက်ဆုံးပေါ် ကွန်ပျူတာများ၊ မိုဒမ်းများ တပ်ဆင်လိုက်ရုံဖြင့် ဖြစ်မလာနိုင်ပေ။ သမ္မတရုံး ဝက်ဘ်ဆိုက်၊ အစိုးရ ဝန်ကြီးဌာနများ၏ Facebook စာမျက်နှာများလွှင့်တင်ထားခြင်း၊ Call Center များဖွင့်လှစ်ထားရုံဖြင့် ဖြစ်လာနိုင်မည်မဟုတ်ပေ။ အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိက ကဏ္ဍတို့ကြားတွင် အပြန်အလှန် အသက်ဝင်လှုပ်ရှားမှုဖြစ်ပြီး ပြည်သူများ၏ လူမှုရေး၊ စီးပွားရေးစသော လုပ်ငန်းအသီးသီး၏ အသံများ၊ အတွေး များကို အစိုးရလုပ်ငန်းတွေ ဖြစ်လာအောင် ပုံဖော်ခြင်းသာ ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်ရန် ယခင်အစိုးရလက်ထက်တွင် (E- Government Master Plan)တစ်ခုကို အကြမ်းရေးဆွဲခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်မှု အားနည်းခဲ့ကြသည်။

သို့သော် လက်ရှိအစိုးရသည် ယခင်အစိုးရလက်ထက်က မအောင်မြင်ခဲ့သော Master Plan ကို ပြု ပြင်မွမ်းမံပြီး နိုင်ငံတော်သမ္မတရုံးကို တင်ပြထားကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက စက်တင်ဘာလ ၁၆ ရက်နေ့က ပြည်သူ့ လွှတ်တော်တွင် တင်ပြထားသည်။ ထို့အပြင် E-Government ကို လက်တွေ့ အကောင်အထည်ဖော်မည့် အမျိုးသား အိုင်စီတီကောင်စီ၊ ဦးစီးကော်မတီကို သမ္မတရုံး၏ တိုက်ရိုက်ကွပ်ကဲမှုဖြင့် ဖွဲ့စည်းရန် လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့သည်။ လက်ရှိတွင် အစိုးရအနေဖြင့် E- Government အကောင်အထည်ဖော်ရေးအတွက် ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားသော်လည်း ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

”ကျွန်မတို့ အနေနဲ့လည်း အစိုးရ အစိုးရချင်း E-Government ပဲ စနိုင်ပါသေးတယ်။ အစိုးရနဲ့ လူထုကို ဝန်ဆောင်မှုပေးဖို့ လုပ်နိုင်ဖို့ အပိုင်းကတော့လိုသေးတယ်” ဟု E-Government ဌာန၏ ညွှန်ကြားရေးမှူး ဒေါ်နွယ်နီ စိုးရင်က နေပြည်တော်တွင် ပြုလုပ်သည့် E-Government အ လုပ်ရုံဆွေးနွေးပွဲအတွင်း ပြောခဲ့သည်။ ထို့အပြင် ယခင်အစိုးရလက်ထက်တွင် ကျပ်ဘီလျံချီ၍ လုပ်ဆောင်ခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းမှာ Source Code များကဲ့သို့ အချက်အလက်များမှာ အစိုးရထံတွင်ကျန်ရှိခဲ့ခြင်းမရှိဘဲ ပုဂ္ဂလိက ဆောင်ရွက်သူများထံတွင်သာရှိခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့အကျိုးစီးပွားကိုသာ အသုံးချခဲ့ကြောင်းလည်း ဝေဖန်မှုများရှိသည်။

”အရင်အစိုးရတုန်းက လုပ်ခဲ့တဲ့ NLP Project ကလုပ်ခဲ့တဲ့ Result တွေ Data တွေ ဘယ်ရောက်သွားလဲ။ အဲ့ဒီ Data တွေ ဘယ်သူ့လက်ထဲရှိနေလဲ။ ဒီလောကထဲကလူတွေ သိပြီးသားပါ။ လက်ရှိအစိုးရ အဲ့ဒီကိစ္စ ဘာမှမသိဘူး။ အဲ့ဒီအချိန်တုန်းက အခု NLD ဆိုတာတွေ ဘယ်အချိန် အဖမ်းခံရမလဲ စောင့်နေရပြီး ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်ရဲတဲ့အချိန်အဲ့ဒီ NLP ကြီးဘာလို့ မအောင်မြင်သလဲ။ ဆီးသီးဗန်းမှောက်မမှောက်၊ မှောက်ရင် ဘယ်လိုမှောက်ခဲ့သလဲ ဖြေရှင်းဖို့ လိုပြီ” ဟု Blue Ocean Operating Management ကုမ္ပဏီ၏အကြံပေး ဦးမင်းတေဇညွန့်တင် က ပြောသည်။

Info Digest Media House ၏ အယ်ဒီတာ ဦးဟန်ဇော်ကလည်း “ E-Government လို့ဆိုလိုက်ရင် ကျွန်တော်တို့ ဆွေးနွေးဖို့ ကျန်နေတာက အခြေခံအဆောက်အဦပိုင်း၊ နောက်တစ်ခုက ဝန်ကြီးဌာန နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက E-Government ထက် သူတို့အကျိုး စီးပွားပဲ လုပ်ခဲ့ကြတာများတယ်။ အိုင်စီတီနဲ့ ပတ်သက်တဲ့ စံနှုန်းတွေထားဖို့လည်း ဆွေးနွေးဖို့ လိုပါတယ်။ တိကျတဲ့ မူဝါဒချမှတ်မှုတွေ မရှိတာလည်း တွေ့ရတယ်”ဟု ဝေ ဖန်ထားသည်။

E-Government စတင် အကောင်အထည်ဖော်ရန်အတွက် မှတ်ပုံတင်ဆိုင်ရာများသည် အဆင့်မြင့် Smart ကတ်များဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး မြို့ရွာများ၏ လိပ်စာစနစ် Zip Code စနစ်တွေ ခေတ်မီရန်လည်း လိုအပ်သည်။ ထို့အပြင် စံသတ်မှတ်နှုန်းများနှင့် ဌာနအချင်းချင်း ချိတ်ဆက်ရာတွင် လုံခြုံမှုများရှိစေရန် Data Center များနှင့် ဥပဒေများလည်း လိုအပ် မည်ဖြစ်သည်။

”ကျွန်တော်တို့မှာ စံသတ်မှတ်ချက်လုံးဝမရှိဘူး။ စံသတ်မှတ်ချက် မရှိတော့ E-Government ဘယ် Platform ကြီးပဲလုပ်လုပ် နံပါတ် (၁) အချက်က ဖောင့်(font) ပြဿနာရှိတယ်။ ကျွန်တော်တို့က ဇော်ဂျီသုံးမှာလား၊ ယူနီကုဒ်သုံးမှာလား။ နံပါတ် (၂) အချက်မှာကျတော့ စံသတ်မှတ်ချက်မှာ အင်္ဂ လိပ်လိုပေါင်းတဲ့ နေရာမှာ ကျွန်တော့်နာမည်ကို Min နဲ့ ပေါင်းမှာလား၊ Minn နဲ့ ပေါင်းမှာလား။ အဲ့ဒီလိုဟာမျိုးပေါ့။ မိုဘိုင်းဖုန်းတွေက အစပေါ့။ ဘယ်လိုဟာမျိုးကိုသွင်းရမယ်။ Root ဖောက်တယ်၊ ပြီးရင် ကျွန်တော်တို့က အဲ့ဒီ့ဖုန်းတွေပေါ်မှာ မိုဘိုင်းဘဏ်းကင်း အပလီကေးရှင်းတွေ (Mobile Banking Applications) တင်တယ်။ လုံခြုံရေးအတွက် မေ့လိုက်တော့ ဘာမှ စဉ်းစားလို့မရဘူး။ ဒါက စံသတ်မှတ်ချက်လိုတဲ့ ဟာတွေပေါ့”ဟု ဦးမင်းတေဇညွန့်တင်က ဆိုသည်။

E-Government အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများ၏ စိုးရိမ်စိတ်တချို့လည်း ရှိနေသောကြောင့် အကောင်အထည် ဖော်မှုနှောင့်နှေးရကြောင်း သုံး သပ်ချက်များလည်း ရှိနေသည်။ အချို့သော ဝန်ထမ်းများသည် အဆင့်ဆင့် ဖြတ်သန်းရသော လုပ်ငန်းကိုသာ လုပ်ကိုင်လိုကြပြီး စနစ်ကျသော E-Government ကို အကောင်အထည် မဖော်စေလိုမှုများလည်းရှိကြောင်း သုံးသပ်သူများက ပြောသည်။

”တစ်ချက်အနေနဲ့က ဝန်ထမ်းတချို့ကျတော့ ဒီနည်းပညာတွေကို အသုံးပြုပြီး လုပ်ဆောင်ကြတဲ့အခါမှာ ရာထူးတွေဘာတွေမှာ နောက်ကျမလား၊ တတ်တဲ့သူကပိုပြီး နေရာပေးခံရမလားဆိုပြီး တွေးတာတွေရှိတော့ အကောင်းဆုံးနည်းက လက်ရှိလုပ်ဆောင်နေတဲ့သူတွေကိုလည်း ဒီတိုင်းပဲဆက်လုပ်ပါစေ။ နောက်မှ လုပ်တဲ့သူတွေကတော့ နည်းပညာတွေနဲ့ သွားတဲ့နည်းလမ်းကတော့ ကောင်းမယ်လို့ ပညာရှင်တွေက ပြောကြတာရှိပါတယ်”ဟု မြန်မာနိုင်ငံကွန်ပျူတာ ဖက်ဒရေးရှင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စနစ်တစ်ခု အကောင်အထည် ဖော်နိုင်ရန်နှင့် အောင်မြင်နိုင်ရန်အတွက်သည် အစိုးရသာ လုပ်ဆောင်ရမည်မဟုတ်ဘဲ ပြည်သူများကပါ ကူညီဆောင်ရွက်ရမည် ဖြစ်သည်။ အစိုးရကလည်းစနစ်ကို မှန်ကန်မျှတစွာ အကောင်အထည် ဖော်ရမည် ဖြစ်သည်။ နည်းပညာကို မသုံးလိုသော ပြည်သူများကို သုံးချင်လာစေရန် လုပ်ဆောင်ပေးရ မည်ဖြစ်သည်။ ဥပမာ-ပုံမှန်အား ဖြင့် ရုံးကိုလာ၍ မှတ်ပုံတင်ပါက ၁ဝဝဝဝ ကျပ်ကျသင့်သော လုပ်ငန်းကို အင်တာနက်အသုံးပြု၍ မှတ်ပုံတင်ပါက ၈ဝဝဝ ကျပ်သာ ကောက်ယူခြင်းကဲ့သို့သော နည်းလမ်းများအပြင် အခြားသော နည်းလမ်းများကို အသုံးပြု၍ ဆွဲ ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ကွန်ပျူတာ ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့်လည်း ပစ္စည်းရောင်းနိုင်ရုံ၊ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ရုံသာမဟုတ်ဘဲ ကြိုးစားဆောင်ရွက်ကြရန်လည်း လိုအပ်မည်ဖြစ်သည်။ E-Government အတွက် အရေးကြီးဆုံးအချက်မှာ ရုပ်ပြသက်သက် ကွန်ပျူတာများ ထောင်၍ လုပ်ဆောင်နေခြင်းထက် Solutions များထုတ်ကာ အဖြေရှာ ဝန်ဆောင်မှု ပေးခြင်းပင် ဖြစ်ကြောင်း အထူးသတိပြုရန်လိုအပ်မည်ဖြစ်ပေသည်။

မှူးအိမ်ဇော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*