ရက် ၁၀၀ ပြည့်ပြီ မျှော် …

ရက် ၁၀၀ ပြည့်ပြီ မျှော် …
July 21, 2016 Asian Fame

12:36 pm
ရက် ၁၀၀ ပြည့်ပြီ မျှော် …

mgswe

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်ရောက်တာဝန်ယူလာသည်မှာ ရက်ပေါင်းတစ်ရာပြည့်ပြီ။ ရွေးကောက်ပွဲကာလမှ စ၍ Change
ပြောင်းလဲမှုဟြုေ<ွကးကြော်ခဲ့သည်။ ထိုပြောင်းလဲခြင်းကို ပြည်သူလူထုက စိတ်ဝင်စားခဲ့သည်။ မျက်နှာဟောင်းတွေကို မြင်ရတာ မျက်စိညောင်းလာသောအခါ ပြောင်းလဲမှုကို လိုလားကြသည်မှာ လူ့သဘာဝဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့်ခေါင်းဆောင်ဒေါ်အောင် ဆန်းစုကြည်ကိုလူထုအများ စိတ်ဝင် စားကြသည်။ သို့သော်စိတ်ဝင်စား ကြသည်ဆိုတိုင်း ထောက်ခံကြသည်ဟု ထိုအချိန်က မပြောနိုင်သေး။

ပါတီကိုခေါင်းဆောင်သူသည် ဖိနှိပ်မှုမျိုးစုံကို ကြံ့ကြံ့ခံနိုင်ခဲ့သော ကြောင့် ပေါ်ပြူလာဖြစ်ခဲ့သည် မှန်၏။ သို့သော်တက်ညီလက်ညီ အရည်အချင်းညီသော စီအီးစီရှိသော ပါတီဟုပြောရန်တော့ ဟိုတစ်ချိန်က ယတိပြတ် မပြောနိုင်သေး။ ဒေါ်အောင်ဆန်းစုကြည်အရှိန် နှင့် NLD ကို လူတွေက ထောက်ခံကြသည်ဟု ဆိုရမည်။ ရွေးကောက်ပွဲအတွက် အမတ်လောင်းများလျာထားချိန်မှစ၍ ကျွန်တော်က သတိပြုမိသည်။ နှစ်ပေါင်း နှစ်ဆယ်အစိတ် ဇွဲနဘဲ ကြီးစွာနှင့် လက်တွဲတိုက်ပွဲဝင်လှုပ်ရှားခဲ့သော ပါတီအမာခံများကို အဓိကမထားဘဲ ပညာတတ်လူငယ်တွေ၊ အမျိုးသမီးတွေကိုလျာထား မည်ဟူသောလေသံထွက်လာသည်။ ပါတီအမာခံများထံမှ မကျေနပ်သံတွေ ကြားလာရသည်။

ယခင် အစိုးရလက်ထက် NLD ကိုယ်စားလှယ်အဖြစ် လွှတ်တော်အဆင့်ဆင့်မှာ (ဘေးလူအမြင်) တက်ြ<ွကစွာလှုပ်ရှားခဲ့သူတို့ ကို ဖယ်ထားခဲ့သောအခါ တစ်သီး ပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းလည်း တွေ့ရသည်။ ထိုအချိန်က ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်။ ရွေး ကောက်ပွဲကျင်းပသောအခါ ပါတီ ကိုယ်စားပြု အမတ်လောင်းများ အနိုင်ရကြသည်။ လူအဓိက မဟုတ်၊ ပါတီအဓိကဖြစ်သည်။ ရွေးကောက် ပွဲရလဒ်တွေ ပေါ်ထွက်လာပြီး နောက် အစိုးရအဖွဲ့အဆင့်ဆင့် အတွက် တာဝန်ပေးရန် လျာထားချိန်မှာ ပါတီတွင်းအသံတွေထွက်လာသေးသည်။

အပြင်လူတွေ မသိကြရသော ပါတီတွင်းလှုပ်ရှားမှုကြောင့် ထင်သည်။ ဝန်ကြီးလုပ်ချင်တဲ့ ရောဂါမထကြဖို့ဒေါ်အောင်ဆန်းစုကြည်က သတိပေး သည်ဟူသောသတင်း၊ ဝန်ကြီးအဆင့်တာဝန်နှင့်သင့်တော် သည်ဟု ယူဆကြသူများက စာရေးသား တင်ပြကြကြောင်း နာယကကြီးက ထုတ်ဖော်ပြောကြားသည် ဟူ သောသတင်းတွေကြားခဲ့ရသည်။ ထိုသို့သော သတင်းများအရ အနီးကပ်လက်တွဲနေသော လုပ်ဖော်ကိုင်ဖက်များအပြင် အခြား လူများကို စဉ်းစားနေသည်ဟု အကဲခတ်ကြရပါသည်။ ဝန်ကြီးအဖွဲ့ဝင်များ အသံမထွက်ရုံသာမက သမ္မတလောင်းအဖြစ်ပင် ထင်ကြေးပေးကြသူတွေ အမျိုးမျိုးထဲမှာ ဦးထင်ကျော်ဟူသော အသံကသိပ်မကျယ်ခဲ့။ အလျဉ်းသင့်၍ နာယကကြီး ဦးတင်ဦးနှင့်တွေ့သောအခါ ရင်းနှီးမှုအရ ကျွန်တော်က မေးလိုက် မိသည်။

”အခုဆိုရင် NLD ပါတီမှာ ဒေါ်စုပြီးရင် ဗိုလ်ချုပ်က ပေါ်ပြူလာအဖြစ်ဆုံးပဲ၊ ဗိုလ်ချုပ်သမ္မတလုပ်မှာလား” ဟု တဲ့တိုးမေးလိုက်သည်နှင့် နာယကကြီးက ချက်ချင်းဖြေသည်။ ”သမ္မတမလုပ်ပါဘူးကွာ။ ခုလောက် လူထုထောက်ခံမှုရနေတာနဲ့ တော်လောက်ပါပြီ” ဟု ရိုးရှင်းစွာဖြေသောကြောင့် ကျွန်တော်က ထပ်ကွန့်လိုက်မိသေးသည်။ ”ဗိုလ်ချုပ်က အနိုင်နဲ့ပိုင်းမှာလား” နာယကကြီးက မူပိုင်ဟန်အတိုင်းသွားများအားလုံးပေါ် အောင်ပြုံးနေရင်းကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော့်ရဲ့ ‘စိတ် မျက်စိ’ ထဲမှာတော့ ခေါင်းညိတ်လိုက်သလို ဖြစ်မိသည်။ နောင်သောအခါ ”ပုဒ်မ ၅၉ (စ) ပြင်မရလို့ သမ္မတ မလုပ်ရရင် သမ္မတအထက်က နေမည်” ဟူ သော လေသံထွက်လာသောအခါ နာယကကြီးရဲ့အဖြေနှင့် အပြုံးကို သဘောပေါက်ရပါတော့သည်။အစိုးရအဖွဲ့ဝင်စာရင်း မကြေ ညာခင်ရက်ပိုင်းအလိုမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကို သီးခြားတာဝန်ပေးလျှင် အသင့်တော်ဆုံးဟုထင်ရသော ကျွမ်းကျင်ပညာရှင်တစ်ဦးကို ကျွန်တော်က မေးမိသေးသည်။

”နိုင်ငံခြားရေးဝန်ကြီး ဖြစ်မှာလား” ဟုတဲ့တိုးမေးလိုက်သောအခါ ”မဟုတ်ပါဘူး” ဟု ဆိုသည်။ ”သေချာရဲ့လား” ဟု ထပ်မေးသော အခါ ”ဆရာသမားတွေကိုကျွန်တော် မညာပါဘူး” ဟုဆိုသည်။ သဘော ပေါက်လိုက်ရပါပြီ။ ဒေါ်အောင် ဆန်းစုကြည်မှတစ်ပါး အခြားသူ ကို တာဝန်မပေးနိုင်။ဝန်ကြီးအဖွဲ့စာရင်း ထွက်လာသောအခါ ပါတီအမာခံ ဒုတိယပိုင်း လူတွေမပါဘဲ အခြားသူတွေ ပညာရှင်တွေပါလာသည်။ နိုင်ငံ ခြားရေးသာမက အဓိကကျသော ပညာရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ကိုပါ ဥက္ကဋ္ဌကိုယ်တိုင် တာဝန်ယူ မည်ဆိုသောကြောင့် အရေးကြီးစစ်မျက်နှာကို တပ်မှူးကိုယ်တိုင် လှံစွပ်ထိုး တိုက်ပွဲဝင်မှာလားဟု တွေးကြရသေးသည်။

သူကိုယ်တိုင်ပြန်လည်သုံးသပ်သည်လား၊ အကြံပေးသူတွေ ရှိလို့လားမသိ။ ပညာရေးနှင့် လျှပ်စစ် ဌာနကိုလူစားလဲလိုက်သည်။ထိုသို့ သော ပြင်ဆင်ဖွဲ့စည်းမှုသည် မှန် ကန်ကြောင်းနောက်မှသိရသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး လာရောက် သောခရီးစဉ်မှာ ဧည့်သည်ဝန်ကြီး က မြစ်ဆုံစီမံကိန်းအကြောင်း ဆွေးနွေးသောအခါ တိုက်ရိုက် တာဝန်မရှိသော နိုင်ငံခြားရေးဝန် ကြီးအဖြစ်နှင့် ‘အသေးစိတ် မလေ့ လာရသေးပါ’ ဟူ၍ ရှောင်ထွက် လိုက်ကြောင်း သတင်းစာတွေ ဖတ်ရသောအခါမှ ယနေ့ အစိုးရ၏နိုင်ငံရေး လှုပ်ရှား ကွက်လေးများကို ရိပ်မိရပါ တော့သည်။ ပြောင်းလဲမှုကို လိုလားနေ ကြသော ပြည်သူလူထုအတွက် ‘ရက်တစ်ရာစီမံကိန်း’ ကလည်း ငြိမ်ဆေးတစ်ခုဖြစ်သည်ဟုထင်သည်။ ရက်တစ်ရာအတွင်း ပြောင်းလဲမှု ကြီးတွေ တွေ့ရတော့မည်ဟု ထင်ကုန်ကြသည်။ တကယ်တော့ ဒီမိုကရေစီ နိုင်ငံမှာ အစိုးရပြောင်းလဲမှုတွေရှိသော အခါ ယခင်အစိုးရဆောင်ရွက်ဆဲ လုပ်ငန်းများလေ့လာဖို့၊ ကိုယ်လုပ်ချင်သော စီမံကိန်းများ ပြင်ဆင်ဖို့ အချိန်ယူသောအားဖြင့် ရက်တစ်ရာစီမံကိန်းဟု ဆိုကြသည်။ ယခု ရက်တစ်ရာ ပြည့်ပါပြီ။ ရက်တစ်ရာအတွင်း ဝန်ကြီး ဌာနနှင့်အဆင့်တူ ဌာနကြီးတွေ ပြန်လည်သုံးသပ်စေသည်။ အစိုးရ သက်တမ်းငါးနှစ်အတွင်း ဆောင်ရွက်မည့်စီမံချက်တွေ လျာထား ရေးဆွဲစေသည်။ သမ္မတရုံးနှင့်နိုင်ငံ တော်၏အကြံပေးပုဂ္ဂိုလ်ထံ တင်ပြထားကြပြီဟု သိရသည်။ သည်ကြားထဲမှာ အစိုးရအဖွဲ့ အနေနှင့် ပေါ်လစီပိုင်းဆိုင်ရာ စီ မံချက်တွေ၊ မူဝါဒတွေ ချမှတ်လုပ် ဆောင်သည်ကို မတွေ့ရသေး။ လေ့လာပြင်ဆင်ဆဲ၊ အကြံတွေ ရ ယူနေဆဲဟု ထင်သည်။

ရက်တစ်ရာအတွင်းမှာ ပြည် နယ်၊ တိုင်းအစိုးရအဖွဲ့လှုပ်ရှားမှု တွေ တွေ့ရသည်။ ဒေသန္တရဆောင် ရွက်ရမည့်လုပ်ငန်းများအပြင် မူဝါဒဆိုင်ရာများလည်းတို့ထိလာသည်ကို တွေ့ရသည်။ ငါးနှစ်သက်တမ်းအတွက် အတည်မဖြစ်နိုင်သေး။ ရက်တစ်ရာအလွန်ပြည်ထောင်စုအစိုးရက မူဝါဒတွေချမှတ် ဆောင်ရွက်သောအခါမှ ပြည်နယ် တိုင်းအဆင့်က ထိုချမှတ်မည့် ပေါ်လစီအတိုင်းဆက်လုပ်ရန်သာ ရှိမည်။ ဥပမာ အဆောက်အအုံ ဆောက်လုပ်ရေး ကိစ္စ၊ ရင်းနှီးမြှုပ် နှံမှုကိစ္စ၊ မြေယာကိစ္စ၊ ဒေသတွင်း လုံခြုံရေးကိစ္စ၊ ကွမ်းယာ ကိစ္စ၊ အသင်း အဖွဲ့ကိစ္စ စသည့် ကိစ္စ ကိစ္စတွေတစ်ခုလှုပ် ရှားလိုက်တိုင်း လူထုက တော့ Change ဟု ထင်ကြသည်။ ပေါ်လစီဟု မဆို နိုင်သေး။ ရက်တစ်ရာ အလွန်ကာလ ကျမှ ပြည်ထောင်စုအစိုးရ ဆောင် ရွက်ချက်တွေ ပီပြင်စွာ တွေ့ရပါ လိမ့်မည်။ ယခုကာလ လှုပ်ရှား ထားသော၊ ပြောဆိုထားသော၊ ညွှန်ကြားထားသော လုပ်ငန်းများ ၏တုံ့ပြန်မှု၊ သက်ရောက်မှုတွေကို လေ့လာပြီး ဗဟိုမှ ထိန်းသင့်တာ ထိန်းမည်၊ တိုးသင့်တာတိုးမည်ဟု ထင်ရပါသည်။ ယနေ့မှစ၍ ပြောင်းလဲမှုစပါ တော့မည်။ ပြည်တွင်းမှ အကြံဥာဏ်များ ပါတီအဆင့်ဆင့်မှ ကြားသိရယူပါ လိမ့်မည်။ ဌာနဆိုင်ရာ အခြေအနေများ ဝန်ထမ်းများထံမှ ရယူပါလိမ့်မည်။ အစိုးရအဖွဲ့ ဆောင်ရွက်ဖွယ် ရာများ သမ္မတကြီးက လမ်းညွှန်ပါ လိမ့်မည်။သမ္မတကြီးကိုလည်း နိုင်ငံတော် ၏အကြံပေးပုဂ္ဂိုလ်က အကြံပြုပါ လိမ့်မည်။ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ကို အစိုးရက အားကိုးပါလိမ့်မည်။ ဗိုလ်ချုပ်၏သမီးမို့ ဒေါ်အောင် ဆန်းစုကြည်ကို လူတွေက ချစ်ကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပ နိုင်ငံတွေကလည်း သံယောဇဉ် ရှိ ကြပါသည်။ ကိုယ်တိုင်လည်း ပြင်ပ ကမ္ဘာမှာပညာသင်၊ ပညာရှာခဲ့သူ ဖြစ်သည်။

လူချွန်လူကောင်းတေးသီချင်းထဲကလို ‘ကမ္ဘာကြည့် ကြည့်မြင်’ ခဲ့သူဖြစ်ပါသည်။ အတွင်းကို အတွင်းကကြည့်သော အမြင် မဟုတ်။ အပြင်က ကြည့်သော အမြင်မျိုး မြင်ခဲ့သည်ဟုဆိုရမည်။ အပေါင်းအသင်းတွေ၊ မိတ် ဆွေတွေ ပေါများပါသည်။ စစ် အစိုးရလက်ထက် ပိတ်ဆို့ထားမှု တွေ ဖွင့်လာပါလိမ့်မည်။ တိုင်း ပြည်စီးပွားရေး တံခါးပွင့်လာမှာ သေချာပါသည်။ ဒီမိုကရေစီအစိုးရ၊ အရပ် သားအစိုးရဖြစ်၍ စီးပွားရေးကူညီ မှုတွေ လာပါလိမ့်မည်။ နိုင်ငံရေးဆက်သွယ်မှုတွေ ပွင့်လာပါလိမ့်မည်။ လူမှုရေးကိစ္စ တွေလည်း နည်းမျိုးစုံနှင့် ချဉ်းကပ်လာပါလိမ့်မည်။ ယူသင့်တာယူဖို့၊ ချန်သင့်တာ ချန်ဖို့၊ ပယ်သင့်တာပယ်ဖို့တော့ ဒေါ်အောင်ဆန်းစုကြည် လိမ္မာ ပါးနပ်စွာ ကိုင်တွယ်ပါလိမ့်မည်။ လွှတ်တော်အမတ်များ ကိစ္စ၊ ဝန်ကြီးအဖွဲ့ဝင်များကိစ္စ၊ ဌာနတွေ ခွဲဝေခြင်းကိစ္စ၊ သမ္မတရွေးချယ်ခြင်း ကိစ္စ၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် တရားဝင်ဖြစ်ပေါ်လာရေးကိစ္စ စသည်စသည် ကိစ္စမျိုးစုံကို စဉ်းစားရာမှာ ခေါင်းတစ်လုံးတည်း နှင့် စဉ်းစားသလား၊ အဖွဲ့နှင့် စဉ်းစားသလား၊ Think Tank တွေနှင့် စဉ်းစားသလားမသိ။ လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားကြောင်းကိုတော့ အားလုံးလက်ခံရပါမည်။ မြန်မာနိုင်ငံအတွင်းမှာ သာမက ကမ္ဘာ့အရှေ့ဖျား၊ ကမ္ဘာ့အနောက်ဖျား၊ အာရှအရှေ့ဖျား၊ အာရှအနောက်ဖျား၊ အာရှအလယ် ပိုင်း၊ ထိပ်သီးနိုင်ငံတွေ၊ ထိပ်သီး အဖွဲ့အစည်းတွေနှင့်ဆက်သွယ်မှုရှိသော ပုဂ္ဂိုလ်ဖြစ်၍ အကူအညီတွေ၊ အကြံဥာဏ်တွေမျိုးစုံရမှာ သေချာပါသည်။ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံသား အကျိုးရှိမည့် ကောင်းမွန်သော ပြောင်းလဲမှု Change ကို ယခုကျန် ရှိသော(၅ နှစ် x ရက် ၁ဝဝ)သက်တမ်းအတွင်း စောင့်ကြည့် ကြရမည်က မြန်မာနိုင်ငံသား ၅၁ သန်းမှတပါး အခြားမရှိပါချေ။ ၅၁ သန်းသော ပြည်သူများ ကောင်းစားရေးကို မျှော်နေကြသူက မြန်မာနိုင်ငံသားများပါတည်း။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*