သတင်းငတ်သူတို့ ဖတ်စရာ

သတင်းငတ်သူတို့ ဖတ်စရာ
July 14, 2016 Asian Fame

12:22 pm
သတင်းငတ်သူတို့ ဖတ်စရာ

လွန်ခဲ့သော ငါးနှစ်တာကာလအတွင်း သတင်းဂျာနယ်တွေ အရှိန်အဟုန်ပြင်းစွာနှင့် ထွက်ပေါ်လာသည်။ ပေါ့ပ်ဂျာနယ်များက ဖြည်းဖြည်းမှန်မှန် အရှိန်ယူနေသည်။ သတင်းဂျာနယ်တွေကတော့ သူ့ထက်ငါဦး သတင်းထူးများ ကြိုးစားရှာဖွေရာမှ အထွေထွေရွေး ကောက်ပွဲကြီးအကြိုကာလ နှစ်နှစ်လောက်မှာ သက်ဆိုင်ရာသက်ဆိုင်ရာ၊ နီးစပ်ရာ နီးစပ်ရာ သတင်းဆောင်းပါးများ အားပြိုင်လာကြသည်ကို တွေ့ရပါ၏။

လူငယ်တွေထက် လူလတ် ပိုင်းကသတင်းဂျာနယ်တွေ အဖတ်များဟန်တူသည်။ အထူးသဖြင့် အစိုးရဆောင်ရွက်ချက် သတင်းများ၊ အစိုးရကို အားမရသော သတင်းများ၊ ဆောင်းပါးများ ပို၍ ရေပန်းစားလာသည်။ နိုင်ငံရေးစိတ်ဝင်စားသူတို့က လက်လှမ်းမမီတမီ ခေတ်ကာလ သမိုင်းကြောင်းများ စိတ်ဝင်စား ဖတ်ရှုကြသည်ဟု သိရသည်။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်း ရေးသားသော စာအုပ်များလည်း မှေးမှိန်နေသော စာအုပ်ဈေးကွက်မှာ နေရာယူခွင့် ရှိလာသည်။ အစိုးရ အကောင်းရေးသော ဂျာနယ်၊ အစိုးရမကောင်းရေးသော ဂျာနယ်တွေလည်း အားပြိုင်ခဲ့ကြသည်။ ဂျာနယ်အသီးသီးက ဘယ်လို ဦးတည်ချက်တွေနှင့် ဖြန့်ဝေသည် ဖြစ်စေ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သမျှ ရေးကြသားကြ ဖြန့်ဝေကြသည်ကိုစာဖတ်သူတို့က မငြီးမငွေ့ဖတ်ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင် ဆန်းစုကြည်ကို စိတ်ဝင်စားမှုတွေ ပိုလာသည်နှင့်အမျှ ဗိုလ်ချုပ်အောင်ဆန်းခေတ်ကို မီလိုက်သူ တွေ မရှိသလောက် ရှားပါးသော် လည်း မသိမမီလိုက်သူတွေက ပိုသိချင်ကြသည်။ ပို စိတ်ဝင်စားကြသည်။ ဂျာနယ်တစ်စောင် လက်ထဲ ရောက်သည်နှင့် ဗိုလ်ချုပ်အောင် ဆန်းနှင့်ပတ်သက်သော၊ ဆက်နွှယ်သော သတင်းဟောင်းများကို ဦးစွာဖတ်သည်။ ဗိုလ်ချုပ်အကြောင်း ဆောင်းပါးကို အဓိကထားဖတ်ကြသည်။

ရိုးသားမှုတွေ ကင်းပျောက်လာပြီဟု ယူဆကြသောခေတ်မှာ ဗိုလ်ချုပ်၏ ရိုးသားမှုတွေဖတ်ရလျှင် မြိန်ရေရှက်ရေ ပြောလို့မဆုံး ကြ။ ခေတ်၏တောင်းဆိုချက်နှင့် အညီ စာရေးသူတွေကလည်း ဗိုလ်ချုပ်အကြောင်း မှတ်စုမှတ် တမ်းဟောင်းများ ရှာကြသည်၊ စု ကြသည်၊ ပြုကြသည်၊ ရေးကြ သည်၊ ဖော်ပြကြသည်။ ဗိုလ်ချုပ် အကြောင်းဆိုလျှင် လူအများ သိ ထားကြသော အကြောင်းအရာကို ပင် ဖြစ်စေ၊ ရေးသားပုံ၊ တင်ပြပုံ၊ ယူဆပုံတစ်မျိုး ပြောင်းသော ဆောင်းပါးဆို စာဖတ်သူတို့ ကြိုက်ကြသည်၊ နှစ်သက်ကြသည်။ လူလတ်ပိုင်းတွေ လက်ဖက်ရည်ဝိုင်းမှာ ဆွေးနွေးဖြစ်ကြသည်။လူအိုပိုင်းရောက်နေသော ကျွန်တော့်အစ်ကိုက လူလတ်ပိုင်း တွေစုသော လက်ဖက်ရည်ဝိုင်းမှာ နေ့တိုင်းထိုင်သည်။ လက်ဖက်ရည် ဝိုင်းတို့ထုံးစံနေ့စဉ်အပတ်စဉ်ထွက် သော သတင်းစာ ဂျာနယ်တွေကို သူဖတ်သမျှ ကိုယ်ဖတ်သမျှ မျှဝေ ကြသည်။

လွန်ခဲ့သောနှစ် ဇူလိုင်လဆန်း လောက်မှာ ကျွန်တော်တို့ ညီအစ် ကိုတွေ့ကြသောအခါ သူက ကျွန်တော့်ကို စာမေးပွဲစစ်သလို မေးသည်။ မင်းကစာတွေသာ ရေးနေတာ ဂျာနယ်အစုံ ဖတ်မိသလားဟု မေးသည်။ ကျွန်တော်ကလည်း မှန်ရာကို တင်ပါသည်။ ထွက်သမျှ ဂျာနယ် တွေဖတ်ဖို့ ပိုက်ဆံလည်း မရှိပါ၊ အချိန်လည်းမရှိပါဟု ဖြေလိုက်ပါသည်။ ထိုအခါသူက ဂျာနယ်နှစ် စောင်အမည်ပြော၍ သတင်းနှစ်ပုဒ်ကို မေးပါသည်။ တစ်ပုဒ်က ဗိုလ်ချုပ်တို့လုပ်ကြံခံရချိန်မတိုင်မီက ဂဠုန်ဦးစောကို သေနတ်နှင့်ပစ်သူ မည်သူလဲဟု မေးထားပုံရသည်။ တစ်ပုဒ်က သေသေချာချာ ရေးထားသည်။ဦးစောကို သေနတ်နှင့် ပစ်သောသူသည် ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်ဟု ဆိုသည်။ ရန်ကုန်ဘဆွေနှင့် ဦးမြလှိုင်ကို ဗိုလ်ချုပ်နေဝင်းက ခေါ်ယူပြီး သေနတ်ပစ် လေ့ကျင့်ခိုင်းထားသည်ဟု ဆိုသည်။ အချိန်ကျသောအခါ ဦးစော စီးသောကားနောက်မှ ကားတစ်စီး နှင့် လိုက်စေသည်၊ ကျော်တက်သည်၊ ဦးစောကို အသက်မသေစေဘဲ ဒဏ်ရာရရုံရှပ်၍ ပစ်စေသည်၊ နားရွက်လို မေးဖျားလို ဆိုသလား ဘာလား မသေချာ။ အသေပစ်လျှင် ဇာတ်လမ်း သိမ်းသွားမည်။ အသက်မသေဘဲ ဒဏ်ရာရရုံပစ်မှ ဗိုလ်ချုပ်အောင်ဆန်း၏ တပည့်များလက်ချက်ဟု ဦးစောက ဗိုလ်ချုပ်ကိုအထင်လွဲစေမည်။ ဤသို့သော ပရိယာယ်နှင့် ဗိုလ်ချုပ်အပေါ် ဦးစောက အငြိုး ပွားစေရန် ဗိုလ်ချုပ်နေဝင်းက စီစဉ်ခြင်းဟု ဆိုသည်။ ကျွန်တော့်အစ်ကိုအား ကျွန်တော်က ရိုးသားစွာ ရှင်းပြပါသည်။ထိုသတင်းကို ကျွန်တော် မယုံပါ။ ရှေ့နောက် အရှိန်နှင့် မောင်းလာသော ကားနှစ်စီးအနက် တစ်စီးက ကျော်တက်သည်၊ ကျော်တက်ရင်းပစ်ရာတွင် တစ်ချက်တည်း အသက်သေအောင် ခေါင်းကို ပစ်ခိုင်းသည်ဆိုလျှင် ထိုသတင်းကို ယုံကောင်းယုံပါမည်။ လှုပ်ရှားပစ်မှတ်ကို လှုပ်ရှားပစ်ခတ်သူက နားရွက်လောက် ရှပ်မှန်အောင် လေ့ကျင့်ပြီးပစ်သည် ဆိုသောသတင်းမှာ မဖြစ်နိုင်ပါ။ ကျွန်တော် စစ်သားဟောင်း ဖြစ်ပါသည်။ သေနတ်ရူးသူ ဖြစ်ခဲ့ဖူးပါသည်။

၁၉၅၇-၅၈လောက်က တပ်စုမှူး တပ်ခွဲမှူးဘဝမှာ ဒသမ (၃ဝ၃) ရိုင်ဖယ်နှင့် ရောက်လေရာ လက်တည့်စမ်းပါသည်။ တောကောင် တွေ လှုပ်ရှားပြေးလွှားနေသည်ကို ပစ်ဖူးပါသည်။ သစ်ပင်ပေါ် ငြိမ် သက်စွာနားရင်း အစာကို ရှာဖွေ ကြည့်ရှုနေသော သိန်းငှက်၊ စွန် ငှက်တို့ကို ပစ်ဖူးပါသည်။ ကိုယ်လုံး ကိုချိန်၍ပစ်သည်။ ထိပါသည်။ ခေါင်းကို ချိန်၍ပစ်သည်။ ငြိမ်သက်စွာ နားနေသော ငှက်၏ ခေါင်းကိုအချက်တိုင်းမထိပါ။၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ကျွန်တော်သည်ခြေမြန်တပ်မ လက်အောက်ခံ တပ်ရင်းမှူးအဖြစ် တာဝန်ယူခဲ့ရပါသည်။ ၁၉၆၉ ခုနှစ် မှစ၍ ပြည်ပထောက်ပံ့ခံ ဗကပ တပ်ရင်းကြီးများနှင့် တိုက်ရသည်။ ကေအိုင်အေ၊ အက်စ်အက်စ်အေ၊ မှောင်ခိုဘိန်းသယ်သော သောင်း ကျန်းသူ အမျိုးမျိုးနှင့် တိုက်ရခိုက် ရသောကာလမို့ ကျည်ဆန်ပေါပါသည်။ ရောက်လေရာမှာ နို့ဆီဘူးခွံ ထောင်၍ သေနတ်ပစ်လေ့ကျင့်ပါသည်။ ဂျီ (၃) ရိုင်ဖယ်၊ ကာဘိုင်၊ (၉) မီလီမီတာ ပစ္စတို၊ ထိုသုံးမျိုး ကို လေ့ကျင့်ပါသည်။အားနေလျှင် ကျွန်တော့် အနီးကပ်လုံခြုံရေးယူသော လက် ဖြောင့်တပ်စိတ်က စစ်သည်များနှင့် သေနတ်ပစ်ပြိုင်ပါသည်။ စစ်ဆင် ရေးလှုပ်ရှားရင်း ပင်ပန်းလျှင် တပ်မ၏ အစီအစဉ်အရ ခေတ္တစခန်းအခြေပြုအနားရပါသည်။ ထိုအခါ မှာ တပ်ခွဲများသို့ လှည့်လည် စစ် ဆေးရင်း တပ်ခွဲမှူး၊ တပ်စုမှူးများ ကို စိန်ခေါ်ပါသည်။

ကျည်ဆန်ခွံလေးများကို ကိုက် ငါးဆယ် အကွာမှာထားပြီး ဂျီ (၃) သေနတ်နှင့်ပစ်ပါသည်။ ခုနစ် ဆယ့်ငါးကိုက်အကွာမှာထားပြီး ကာဘိုင်သေနတ်နှင့် အပစ်ပြိုင်ကြ ပါသည်။ ကိုက်နှစ်ဆယ်အကွာမှာ ထားသော ကျည်ဆန်ခွံကို (၉) မီလီမီတာ ပစ္စတိုနှင့်ပစ်ရတာ အတော်ခက်ပါသည်။ ကာဘိုင်နှင့် ပစ်ရာမှာ ဗိုလ်ကြီးအောင်စိုးကို ကျွန်တော် မနိုင်ပါ။ ပစ္စတိုပစ်လျှင် တော့ ထောက်လှမ်းရေးအရာရှိ ဗိုလ်ကြီးသိမ်းဆွေက ချန်ပီယံဖြစ်သည်။ ထိုမျှ သေနတ်ရူးခဲ့သော ကျွန်တော်သည် အရှိန်နှင့်မောင်း နေသောကားပေါ်မှာ စီးနင်းလိုက်ပါလာသော လှုပ်ရှားပစ်မှတ်ကို လှုပ်ရှားရင်းပစ်ခတ်လျှင် ဦးခေါင်းကိုထိအောင်ပင် မလွယ်လှပါ။ နားရွက်လိုမျက်စေ့လို Pin Point ကိုရှပ်ပြီးမှန်အောင်ပစ်ဖို့တော့ ခက်လှပါသည်။ ထို့ကြောင့် ကားစီးသွားသော ဦးစောမျက်စိကို ရှပ်မှန်အောင်ကျော်တက်သောအခါ ကားထဲမှ ရန်ကုန် (ဦး) ဘဆွေက ပစ်ခတ်သည်ဆိုခြင်းကို ကျွန်တော်မယုံပါ။ သူတို့ကို အိမ်မှာခေါ်ယူ လျှို့ ဝှက်လေ့ကျင့်စေပြီး ဗိုလ်ချုပ်နေဝင်းက ပစ်ခိုင်းသည်ဆိုခြင်းကိုလည်း ကျွန်တော်မယုံပါ။ ထို့ပြင် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာကတည်းက ဗိုလ်တေဇက နိုင်ငံရေးဇောက်ချလုပ်မည်၊ လွတ်လပ်ရေးအရယူမည်၊ ဗိုလ်နေဝင်းက တပ်မတော်ကို ကြည်း၊ ရေ၊ လေပူးပေါင်း၍ တာဝန်ယူရန်ဟု သဘောတူထားကြသည်ဟု ဖတ်ရမှတ်ရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဦးစော အထင်လွဲစေအောင် ရန်တိုက်ပေးသည်ဆိုသောသတင်းကို မယုံရဲပါ။ ၂ဝ၁၅ ခုနှစ် အာဇာနည်နေ့
အကြိုက ကျွန်တော့်အစ်ကို၏ အမေးကို ကျွန်တော်ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။ ယခု ၂ဝ၁၆ ခုနှစ်မှာ မှတ်တမ်းမှတ်ရာ စာရွက်ပေရွက်နှင့် ဖြစ်စေ၊ ကိုယ်တိုင်သိမီခဲ့သော ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ ပြောကြားချက်ကို ဖြစ်စေ ဖတ်ရှုမှတ်သားချင်ပါသေးသည်။ ၁၉၃၅ ခုနှစ်က လူဖြစ်လာသော ကျွန်တော်ပင်လျှင် သေချာမသိခဲ့သောသမိုင်းကို အရေးကြီးအချက်အလက်များကို ကျွန်တော့် ထက်ငယ်သူတွေလည်း အမှန်သိ စေသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။ကျေးဇူးပြုကြပါကုန်။

မောင်ဆွေသက်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*