လွန်ဆွဲ

လွန်ဆွဲ
July 14, 2016 Asian Fame

11:53 am
လွန်ဆွဲ

soethein

ပီဇာတစ်ချပ်၊ မင်းတို့စားဖို့ဆိုပြီး ပေးသူကတော့ အချပ်လိုက်ပေးလိုက်တာပါပဲ။ ဒီဘက်မှာက အားလုံးဝေစားကြရတာဆိုတော့ တစ်စိတ်ရတဲ့သူနဲ့ တစ် ကိုက်မြည်းလိုက် ရတဲ့သူတွေနဲ့ ဖြစ်ကုန်ကြရော။ ပေးသူဘက်ကလည်းသူပေးနိုင်သလောက် အပြည့်ပေးလိုက်တာပါတဲ့။ ရသူတွေဘက်ကတော့ မစို့မပို့ရယ် လို့ ပြောကြပြန်ပါရော။ ဒါကပေးသူနဲ့ ရသူတွေကြားက ဖြစ်လေ့ဖြစ်ထရှိနေတဲ့ မရိုးနိုင်သော လွန်ဆွဲပွဲ နမူနာလေးပဲဖြစ်ပါတယ်။

ဒီလွန်ဆွဲပွဲလေးကိုပဲ ကြိုးနည်းနည်း ထပ်တင်းပြီး ပေးသူဘက်ကနေ ဝင်ဆွဲကြည့်ကြရအောင်။ ပေးသူဘက်က လှမ်းပြောမည်က ပီဇာပိုယူမည်လား၊ စားမယ့် လူလျှော့မလား။ ဒါက ပီဇာပိုရဖို့ ပိုလုပ် ပေးကြမလား၊ လက်ရှိ ပီဇာကိုပဲ လူနည်းနည်းနှင့် ဝဝလေးစားဖို့ ပြင်ကြမလားလို့ ရွေးချယ်စရာ စပေးလိုက်တာပါ။ တစ် နည်းအားဖြင့် သူတို့တစ်တွေကို လုပ်နိုင်သေးသရွေ့ ပိုလုပ်ပေး၊ ပိုလုပ်ပေးလို့ ပိုရလာပါက ပြန်ရမည့်အရာတွေ ပိုလာစေမည်ဟု မက်လုံး(Incentive) ပေးကာ သူတို့၏ ထုတ်လုပ်ဆောင်ရွက်မှု (Productivity) တက်လာစေဖို့ ဆီကို ဆွဲခေါ်ယူသွားခြင်းဖြစ်သည်။ ဒီလူအင်အားနှင့်ပဲ ပိုမိုဆောင်ရွက်နိုင်သည်ဖြစ်စေ၊ လက်ရှိအနေအထားအတိုင်းကိုပဲ လူလျှော့ပြီး ဆက်လက်ဆောင်ရွက်နိုင်သည် ဖြစ်စေ သူတို့တစ်တွေ၏ အစွန်းထွက် လုပ်ကိုင် နိုင်မှုပမာဏ (Marginal Productivity) တက်လာစေဖို့ပင် ဖြစ်သည်။ ဤသည် ကားပီဇာပေးသူက လိုချင်သည့် အကျိုးများသော (Efficiency) ရလဒ်ပင်ဖြစ်သည်။ လွန်ဆွဲပွဲ၏ အပြီးသတ်ရလဒ်သည် ထို Efficieny ဖြစ်ခဲ့ပါက ပီဇာဝေပေး သူကသူအနိုင်လို့ သတ်မှတ်လိုက်ပေမည်။ ဒါကလည်း သူ၏ ပုဂ္ဂလိကစိတ်ဝင်စားမှု (Self-interest) ပင်ဖြစ်ပါသည်။

အခုဘက်ပြောင်းပြီး ယူသူတွေဘက်က ဝင်ဆွဲကြည့်ကြရအောင်။ သူတို့တစ်တွေက ပီဇာကို ခွဲစားနေရတာကို ငြူစူ နေကြခြင်းမဟုတ်။ အား လုံးလည်းရအောင်၊ အာသာလည်း ပြေအောင် ဒါထက်ပိုပြီး ပေးသင့်သည်ဟုသုံးသပ်နေကြခြင်းသာ ဖြစ်သည်။ တစ်ယောက်ချင်းစီကတော့ အတတ်နိုင်ဆုံး လုပ်ပေးနေကြတာပဲ၊ မစွမ်းသာတဲ့အရာတွေကိုတော့ လက်ခံပေးရမှာပေါ့။ လုပ်ပေးနေတာကိုလည်း အသိအမှတ်ပြု ပေးရမှာပေါ့ စသည်ဖြင့် အားလုံးအတွက် အကျိုးရှိစေသောရလဒ် (Effectiveness) ဘက်ကို လွန်ကြိုးပါအောင် ဆွဲသွားလိုပုံရှိ လေသည်။ ဒါကို သူတို့အတွက် အနိုင်ရအောင် ပထမအဆင့် တောင်းဆိုလိုက်ခြင်းပင်ဖြစ်သည်။ ဘာလို့လဲဆိုတော့ Effectiveness ဆိုတာက သူ့တို့အားလုံးကို လွှမ်းမိုးမှုဖြစ်နေသော အားလုံးခြုံငုံမိသော စိတ်ဝင်စားမှု (Social-interest) တစ်ခုမို့ ပင် ဖြစ်သည်။

ဤသို့ဖြင့် လွန်ဆွဲပွဲ၏ ပထမအဆင့်သည် ပီဇာပေးသူ၏ Self-interest နှင့် ပီဇာခွဲဝေယူကြသည့်သူများ၏ Social-interest နှစ်ခု အကြားတွင် ပုံပေါ်လာပါပြီ။ ပုံမှန်လွန်ဆွဲပွဲတစ်ခုသည် အနိုင်-အရှုံး ရလဒ်တစ်ခုနှင့် ရသမြောက်စွာ အဆုံးသတ်ရသည်။ တစ်သင်းနိုင်လျှင် ကျန်တစ်သင်းရှုံးမည်မှာ ဓမ္မတာပင်။ နှစ်သင်းစလုံး ရှုံးသည်လို့တော့ ဘယ်တော့မှမရှိနိုင်။ သို့ သော် ပီဇာတစ်ချပ်အတွက် လွန်ဆွဲပွဲက ပုံမှန်ပွဲ တစ်ခုလိုပင် တစ်ဖက်ကနိုင်လို့ ကျန်တစ်ဖက်က ရှုံးသည့် ရလဒ်မျိုးအပြင်၊ အဆိုးဆုံးအခြေအနေအဖြင့် နှစ်ဖက် စလုံး ရှုံးသွားနိုင်တာမျိုးလည်း ဖြစ်တတ် သေးသည်။ အကယ်၍များ ယခုကဲ့သို့ သော လွန်ဆွဲပွဲမျိုးကို နှစ်ဖက်စလုံးက နိုင်သွားစေသော ရလဒ်မျိုးဖြင့် အနားကွပ် အဆုံးသတ်နိုင်ခဲ့လျှင်တော့ အဖွဲ့အစည်းအတွက် အလွန်အကျိုးရှိစေလာမည် ဖြစ်သည်။ အဲ့ဒါမျိုးကိုပင် “ Healthy-Conflict Practice ” ဟုခေါ်ဝေါ်လို့ ရနိုင်သည်လား ဆိုသည်ကတော့ မေးခွန်းထုတ်စရာပင်။

လွန်ဆွဲပွဲ၏ ပထမအဆင့်တွင် မည်သည့်ရလဒ်မျိုး ထွက်လာသည်ဖြစ်စေ ပီဇာယူသူတို့ဘက်၌ ဒုတိယအဆင့် လွန်ဆွဲပွဲတစ်ခု ထပ်မံ ပေါ်ပေါက်လာလေ့ရှိ တတ် ပေသည်။ Social-interest ထဲက နေ Self-interest ကိုပြန်ဆွဲထုတ်ကြသည့် သဘောရှိသည်။ အဲ့ဒါကတော့ ယခု နောက်ပိုင်း၌ တွင်ကျယ်လာသော ညီမျှမှု (Equality) နှင့် မျှတမှု (Equity) နှစ်ခု အကြားက လွန်ဆွဲပွဲပင်ဖြစ်သည်။ တချို့က ပီဇာရှစ်စိပ် လူရှစ်ယောက်တစ်ယောက်တစ်စိပ်ပေါ့ဟု သတ် မှတ်လိုကာ ညီမျှမှုဘက်က နေကြသည်။ ဤနေရာတွင် ရေစုံဖောင်ခိုစီးသူ (Free Fider) များကို ဖယ်ထုတ်၍ မရနိုင်သဖြင့် တချို့သော စွမ်းဆောင်ရည်ရှိသူတို့က ၎င်းစနစ်ကို မနှစ်သက်ကြတော့ပါ။ သူတို့ တစ်တွေကတော့ ပီဇာရဖို့ ပိုအားထုတ်ရသူတွေက ပိုစားကြ၊ နည်းနည်းပဲ အားထုတ်လိုက်ရသူ တွေက နည်းနည်းပဲစားကြ၊ အား မထုတ်ဘဲနှင့်တော့ ခွဲတမ်းဝင်မယူလိုကြပါနှင့် ဆိုသည့် မျှတမှုဘက်ကို အလေးသာကြပြန်သည်။ ကိုယ်ပြန်ရမှုသည် ကိုယ်စွမ်းဆောင် နိုင်ခဲ့မှုအတိုင်း အချိုးညီနေစေရမည်ဟု ခံယူထားကြလေသည်။

ထိုသို့သော လွန်ဆွဲပွဲမျိုးတွင်တော့ နှစ်ဖက်စလုံးအနိုင်ဟူသည့် ရလဒ်မျိုးကတော့ မည်သို့မှ မပေါ်ပေါက်လာနိုင်ပါ။ အနာဂတ်တွင်ရော မဖြစ်နိုင်ဘူးလား။ ရေရှည်တွင်တော့ ဖြစ်လာနိုင်ပါသည်။ ဒီ အတွက်တော့ တည့်မတ်သော ခေါင်း ဆောင်မှုဖြင့် စေ့ဆော်ဦးဆောင်သွားဖို့လို ပါသည်။ ထိုအတွက် ညီမျှမှုဆီမှ မျှတမှုဆီသို့လား၊ သို့မဟုတ် မျှတမှုဆီမှ ညီမျှမှု ဆီသို့လား ဆိုသည်ကတော့ သီးခြားဆွေး နွေးရမည့် အကြောင်းကိစ္စတစ်ခု ဖြစ်ပါ သည်။ ယခုလတ်တလောတွင်တော့ တစ်ဖက်အနိုင် တစ်ဖက်အရှုံးရလဒ်မျိုးသာ ထွက်ပေါ်လာပါလိမ့်မည်။ ဘယ်ဘက်က နိုင်လိမ့်မည်နည်း။ ထိုသူတို့ ပါဝင်ပတ် သက်နေသည့် အဖွဲ့အစည်း၏ သဘော သဘာဝ၊ စံများနှင့် ထိုသူတို့၏ ခံယူကျင့်ကြံမှုစသည်တို့ကို သိရှိနားလည်ထားပါက ဘယ်ဘက်ကနိုင်ခြေရှိသည်ကို မှန်းဆဖို့ ရာ သိပ်အခက်အခဲရှိလိမ့်မည် မဟုတ်ပါ။ ပို၍နက်နဲပြီး စိတ်ဝင်စားဖို့ ကောင်း သည်က အဆိုပါလွန်ဆွဲပွဲမျိုးတွင် ဘယ် ဘက်က နိုင်သင့်သနည်းဆိုသည်ကို မှန်းဆကြည့်ဖို့ရာဖြစ်သည်။ ညီမျှမှုဘက်က နိုင်သင့်ပါသလား၊ သို့မဟုတ် မျှတမှုဘက်က နိုင်သင့်ပါသလား။ ကိုယ့်ရဲ့ အယူအဆ ခံယူမှုတွေက အဲ့ဒီမှန်းဆမှု အပေါ်တွင် များစွာလွှမ်းမိုးမှု ရှိလာနိုင်ပါသည်။ ကိုယ်က ညီမျှခြင်းကို လက်ကိုင်ထားနေသူလား၊ မျှတမှုကို လက်ခံနေသူလား။ အဲ့ဒါကို ဆန်းစစ်ပြီးက ဘယ်ဘက်က နိုင်သင့်သည်ကိုအကြောင်းပြ၍ အဖြေထုတ်ပေးလိုပါတော့သည်။

သိဏ်းစိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*