လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရပေါ်ပေါက်လာပြီဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးများကိုဆောင်ရွက်နိုင်ပြီဖြစ်ဟု ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြော
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) မှ တာဝန်ရှိသူများ ဇူလိုင် ၁၉ ရက်နံနက်ပိုင်းက နေပြည် တော်၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးကိုရှေးရှုပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ကို အဓိကဆွေးနွေးပေးစေလိုကာ ပလောင်ဒေသခံများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကိုပေါင်းစပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရွေးကောက်ခံအစိုးရပေါ်ပေါက်လာပြီဖြစ်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပြင်ဆင်ရေးများကိုဆောင်ရွက်နိုင်ပြီဟု ပြောကြားခဲ့သည်။
ထို့အတူ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)ဒုတိယဥက္ကဋ္ဌ(၁) တားဂျူတ်ဂျားကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်ပြီးကြိုတင်ကန့်သတ်ချက်များမထားဘဲဖိတ်ခေါ်၍ များစွာအားရပြီး လက်ရှိတွင် တို-က်ပွဲများရပ်တန့်ပြီး ပြည်သူလူထု အေးချမ်းမှုစတင်ရလာပြီဖြစ်ရာ ဆွေးနွေးပွဲမှအပြုသဘောဆောင်သည့် ကောင်းမွန်သောရလဒ်များထွက်ပေါ်လာမည်ကို ယုံကြည်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက နိုင်ငံတော်သမ္မတနှင့် ညှိနှိုင်းရေးကော်မတီတို့၏ ရက်(၁၀၀)ငြိမ်းချမ်းရေးကြိုးပမ်းမှုအစီအစဉ်ကိုပူးပေါင်းဆောင်ရွက်ရေး၊ ဟိုင်ဂင်သဘောတူညီချက်ကိုလေးစားလိုက်နာရေး၊ သဘောတူထားသည့်အပ-စ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မိမိတို့ဒေသအတွင်း ပြည်သူလူထု၏ လူမှုဘဝသက်သာ ချောင်ချိရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော် ငြိမ်းချမ်းရေးကိုရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ရပ်တည်လျက်ရှိသည်များနှင့်ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။
