ယူကရိန်းနိုင်ငံ Dnieper မြစ်ပေါ်ရှိ Nova Kakhovka ဆည်ကို ရုရှားတို့ ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ယူကရိန်းအစိုးရက စွပ်စွဲထားပြီး မြစ်အောက်ပိုင်းနေထိုင်သူများကို ရေကြီးရေလျှံမှုများဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တောင်းဆိုထားသည်။
Nova Kakhovka ဆည်၏ ရေကာတာ နံရံအများစု မျောပါသွားကာ မြစ်အောက်ဘက်သို့ စီးဆင်းနေသော ရေများ လှိုင်းလုံးကြီးအဖြစ် ရိုက်ခတ်ပေါ်ထွက်လာသည့်ဗီဒီယိုဖိုင်သည် လူမှုမီဒီယာတွင် ပျံ့နှံ့နေသည်။
ယူကရိန်းထိန်းချုပ်ထားသည့် Dnieper မြစ် လက်ယာဘက်ကမ်းမှ လူပေါင်း ၁၆၀၀၀ ခန့်သည် အန္တရာယ်ဇုန်တွင် ရှိနေသည်ဟု Kherson ဒေသအုပ်ချုပ်ရေးမှူး Oleksandr Prokudin က ပြောသည်။ Kherson မြို့၏အထက်ပိုင်းခရိုင်များမှ လူများကိုမူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ၊ Mykolaiv မြို့ နှင့် အခြားယူကရိန်းမြို့များဆီသို့ နည်းအမျိုးမျိုးနှင့် ပို့ဆောင်မည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်မူ နျူကလီးယားအရေးပေါ်အန္တရာယ်မရှိသေးကြောင်း ဒေသတာဝန်ရှိသူများကပြောကြားလိုက်ပြီး၊ ဒေသနေပြည်သူများ သတ်မှတ်ထားသည့် ဘေးလွတ်ရာဒေသများသို့ အမြန်ဆုံးရွှေ့ပြောင်းကြရန်နှင့် လျှပ်စစ်မီးခလုပ်များကို ပိတ်ထားကြရန် ဒေသရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။