ဒါရိုက်တာ ညိုမင်းလွင်က စာရေးဆရာကြီး မင်းသိင်္ခ ရဲ့ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ မနုစာရီကို ရုပ်ရှင်အဖြစ် ၂ဝ၁၇ ခုနှစ်ဇန်နဝါရီလအတွင်း ပုံဖော်ရိုက်ကူး သွားတော့မှာဖြစ်ပါတယ်။ မနုစာရီကို မိတ်ဆက်ပွဲနဲ့ တွဲဖက်ဇာတ်ကောင်တွေအဖြစ်ပါဝင်မယ့် မင်းသမီး ဘဒ္ဒကလျာနဲ့ မောင်တော်အတိတျာ မင်းသားတို့ ရွေးချယ်မှုကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ရက်နေ့က ပြုလုပ်ခဲ့ရာမှာတော့ မနုစာရီအဖြစ် ရွှေသမီး၊ ဘဒ္ဒကလျာအဖြစ် နေကြာခင်ခင်၊မောင်တော် အတိတျာအဖြစ် အောင်ဆန်းမြင့်တို့က ပါဝင်သရုပ်ဆောင်သွား ကြမှာဖြစ်ပါတယ်။
” ကျွန်တော် ဆရာမင်းသိင်္ခရဲ့ စာအုပ်ကို စဖတ်ဖြစ်ခဲ့တာက ဆားပုလင်းနှင်းမောင်နဲ့ဗိုက်ပူသူတော်ပါ။ ကျွန်တော်တအားကြိုက်နှစ်သက်ခဲ့တယ်။ အဲ့ဒီအချိန်ကတည်းက ဆရာမင်းသိင်္ခရဲ့ဝတ္ထုတွေကို တောက်လျှောက်ရှာ ဖတ်ဖြစ်ခဲ့တယ်။ မနုစာရီဝတ္ထုအပါ အဝင်ပေါ့လေ။ မနုစာရီဆိုတာက ကျွန်တော်ငယ်ဘဝ တစ်လျှောက်လုံးကို လွှမ်းမိုးထားနိုင်ခဲ့ဖူးတယ်။ ကျွန်တော်၁ဝတန်း ကျောင်းသားလောက်တုန်းကဆိုရင် အာဇာနည်ကုန်းနားလောက်မှာ ရှိတယ်ဆိုတဲ့တစ်ဝက်က ချိုတယ်၊ တစ်ဝက်က ချဉ်တယ်ဆိုတဲ့ ရေတွင်းလေးကို သွားရှာ ဖူးတဲ့အထိဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်စိတ်ကူးထဲမှာလည်း တစ်ချိန်ကျရင်တော့ ငါဒီဝတ္ထုလေးကို ရုပ်ရှင်ရိုက် မယ်ဆိုတဲ့ စိတ်ကူးလေးရှိခဲ့ဖူးပါတယ်။ အခုတော့ ငြိမ်း ချမ်းကျော်ရဲ့ကျေးဇူးကြောင့်ပဲ ဒီမနုစာရီ ဆိုတာလေးကို ရိုက်ကူးဖို့အထိဖြစ်လာတာပါပဲ” လို့ ဒါရိုက်တာညိုမင်းလွင်က ပြောပြပေးပါတယ်။
အဲ့ဒီညမှာပဲ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ထုတ်လုပ်ရေး Night School ရဲ့ ဝက်ဘ်ဆိုက်ကို တရားဝင်လွှင့်တင်ထားခဲ့ပြီ ဖြစ်ပြီး ပရိသတ်တွေအနေနဲ့ www.nightschoolpicture.com ထဲမှာ သူရဲ့ ထုတ်လုပ်ရေးအကြောင်းနဲ့အတူ နမူနာဗီဒီယို၊ဓာတ်ပုံတွေကိုပါ တစ်ပါတည်း ကြည့်ရှုနိုင်နေပြီဖြစ်ပါတယ်။ ဒါရိုက်တာညိုမင်းလွင်ကတော့ သူ့ရဲ့ဝက်ဘ်ဆိုက် www.nightschoolpicture.com ထဲမှာ သူ့ရဲ့ထုတ်လုပ်ရေး Night School ကနေပြီး ရိုက်ကူးတင်ဆက်မယ့် ရုပ်ရှင်တွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို တင်ပြပေးထားမှာဖြစ်တဲ့အပြင် အဲ့ဒီဝက်ဘ်ဆိုက်ထဲက Contact Us ကနေပြီးတော့ အကြောင်း ကြားစာတွေနဲ့ အကြံပြုဝေဖန်စာတွေကိုလည်း ပေးအပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၉ရက်နေ့ကျရင် ရုံတင်တော့မှာဖြစ်တဲ့ မေထုန်ရာသီဖွားရုင်ရှင် ဇာတ်ကားအထူးပွဲပြသခြင်းကို နိုဝင်ဘာလ၂၇ ရက်နေ့က ရန်ကုန်မြို့တာမွေမြို့နယ်က ရွှေဗဟိုရ်ရုပ်ရှင်ရုံမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကတော့ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ” ကျွန်တော့် ဘက်ကတော့ ဒီဇာတ်ကားကို မူလရိုက်ကူးစဉ် ရည်ရွယ်ချက်စတည်းက ကျွန်တော့ကိုယ် ကျွန်တော်သိတယ်။ လိပ်ပြာသန့်တယ်။ အဲ့ဒီအတွက် ဒီဇာတ်ကားပေါ်မှာ ပရိသတ်ဘယ်လိုပဲ ပြန်ပြီးတော့ ပြောပြောတုန်လှုပ်မှု မရှိဘူး။ ကျွန်တော့်ရည်ရွယ်ချက်ကို ကျွန်တော်ယုံကြည်တဲ့ အတွက် ကျွန်တော်ဒီဇာတ်ကားပေါ်မှာ ပရိသတ်က ဘယ်လိုဝေဖန်သည်ဖြစ်စေ ကျွန်တော့် လိပ်ပြာကျွန်တော် သန့်တယ်။ အမေရိကမှာပြတုန်းက LA Time ကလည်း Review မှာ ဒီဇာတ်ကားကို နည်းပညာအခက်အခဲတွေနဲ့ရုန်းကန်ခဲ့ရပေမယ့် ဇာတ်ကားကောင်းတစ်ခုပါလို့ ပြောထားတဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ ခြုံပြောရရင် ပရိသတ်ရာခိုင်နှုန်းတော်တော်များများကျေနပ်ခဲ့ကြပါတယ်” လို့ ပြောပြပေးခဲ့ပါတယ်။ မေထုန်ရာသီဖွား ရုပ်ရှင်ဇာတ်ကားရဲ့ဇာတ်လမ်းကို ဘုန်းထွဋ်ခေါင်က ရေးသားခဲ့တာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ လင်းမြတ်သွင်က ရေးသားထားခဲ့တာ ဖြစ်ပါတယ်။
ထက်လူ