မနက်ဖြန် အောက်တိုဘာလ (၁၅) ရက်တွင် ကျင်းပမည့် NCA လက်မှတ်ရေးထိုးခြင်း (၁၀)နှစ်ပြည့်အခမ်းအနား တက်ရောက်ရန် ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့်အခြားတိုင်းရင်းသားအဖွဲ့အစည်းများ နေပြည်တော်သို့ ရောက်ရှိနေကြပြီဖြစ်သည်။
စောမူတူးဆေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းလည်း
လိုက်ပါလာသည်ကို တွေ့ရပြီး DKBA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလိချုပ်ကြီး စောရွှေဝ၊ KNU/KNLA -PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူး၊ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ၊ မွန်ပြည်သစ်ပါတီ မှ နိုင်အောင်မင်း ၊ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ တို့အပါအဝင် တိုင်းရင်းသားခေါင်းဆောင်အချို့ကိုလည်း တွေ့ရသည်။
၎င်းတို့အား NSPNC အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမင်းနိုင်က ယနေ့ အောက်တိုဘာ (၁၄) ရက် ညနေပိုင်းက နေ ပြည်တော်ရှိ M Gallery ဟိုတယ်တွင်ကြိုဆိုပြီး NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ” ငြိမ်းချမ်းသော မြန်မာ့အနာဂတ်တည်ဆောက်ခြင်း” အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ MICC 1 တွင် အောက်တိုဘာ (၁၅) ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
ယင်းအခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ၊ နိုင်ငံတကာ ဧည့်သည်များ၊ သံအမတ်ကြီးများ၊ပြည်တွင်းက စစ်ဘက်အရပ်ဘက် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ စုံစုံလင်လင် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
