တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)စာချုပ်ချုပ်ဆိုခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားအား အောက်တိုဘာ ၁၅ ရက်မှစတင်၍ နေပြည်တော်၌ကျင်းပလျက်ရှိရာ ယနေ့ အောက်တိုဘာ ၁၆ ရက်တွင်လည်း ဆက်လက်ကျင်းပလျက်ရှိသည်။
ယနေ့ အောက်တိုဘာ ၁၆ ရက်(ဒုတိယနေ့)နံနက်ပိုင်းတွင်တက်ရောက်လာကြသူများက အဖွဲ့(၂)ဖွဲ့ခွဲ၍ “ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲများ၌ လူထုပါဝင်ရေးဆွေးနွေးရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကိုပြန်လည်သုံးသပ်ခြင်း”၊ “ရွေးကောက်ပွဲ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲအလွန်ရှေ့လုပ်ငန်းစဥ်များ”၊ “ငြိမ်းချမ်းရေးဖြစ်စဥ်အတွင်း အရပ်သားများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ အခန်းကဏ္ဍ”၊ “လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ တတိယအုပ်စုမှ ကြားဝင်စေ့စပ်ပေးခြင်းနှင့် အကျိုးဆောင်ခြင်း” ခေါင်းစဉ်များဖြင့်ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။
မွန်းလွဲပိုင်းတွင်လည်း “ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် လက်နက်ကိုင်မဟုတ်သည့် လူမှုအသိုက်အဝန်းများ၊ အရပ်ဘက်တိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးများ၊ လူငယ်များနှင့် အနာဂတ်မျိုးဆက်များ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း”ခေါင်းစဉ်ဖြင့်ဆွေးနွေးသွားကြမည်ဖြစ်သည်။
“မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသော အနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏လက်ရှိပကတိအခြေအနေနှင့် လက်တွေ့ကျကျရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဖော်ထုတ်ခြင်း”၊ “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆောင်ရွက်ရာ၌ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကိုဖော်ထုတ်ခြင်း၊ စီးပွား ရေးလုပ်ငန်းများ၏အခန်းကဏ္ဍကို မြှင့်တင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများဖော်ထုတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းဆွေးနွေးသွားကြမည်ဖြစ်သည်။
ထို့ပြင် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းသာယာသောအနာဂတ်တည်ဆောက်ရန်အတွက် နိုင်ငံ၏လက်ရှိ ပကတိအခြေအနေနှင့် လက်တွေ့ကျကျ ရှေ့ဆက်လက်ဆောင်ရွက်သင့်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုဖော်ထုတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
