အန်ကာရာမြို့မှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးပြင်ပမှာ နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နဲ့ တွေ့ဆုံချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူဟာ မဟာမိတ်အဖွဲ့အပေါ် စိတ်ပျက်မိတယ်လို့ ပြောသွားပါတယ်။ သူပြောပုံအရဆိုရင် နေတိုးမဟာမိတ်တွေရဲ့ လုံခြုံရေးကို အာမခံဖို့အတွက် ဝါရှင်တန်က အင်မတန်များပြားတဲ့ ငွေကြေးတွေ ပေးနေရတယ်လို့ ဆိုပါတယ်။
အီရန်နဲ့လုပ်ထားတဲ့ အပစ်အခတ်ရပ်စဲရေးကလည်း အခု အသက်မဝင်တော့ဘူးလို့ ထရမ့်က ကြေညာသွားပါတယ်။ အီရန်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ထပ်ပြောသွားသလို၊ အီရန်ခေါင်းဆောင်ပိုင်းကိုလည်း စော်ကားပြောဆိုသွားပါတယ်။
အမေရိကန်ခေါင်းဆောင်ရဲ့ အဓိကပြောစကားတွေကို အခုလို စုစည်းဖော်ပြလိုက်ပါတယ်။
NATO အပေါ် စိတ်ပျက်မှု
”NATO နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်းစိတ်ပျက်တယ်။ ကျွန်တော်တို့အပေါ် မတရားဆက်ဆံခံရတယ်၊ ပေးရတာတွေကလည်း အချိုးအစားမမျှဘူး။ တစ်ချိန်တုန်းကဆို NATO အတွက် ကျွန်တော်တို့ချည်းပဲ ၁၀၀ ရာခိုင်နှုန်း ပေးနေရပြီး တခြားနိုင်ငံတွေက ဘာမှမပေးခဲ့တဲ့အချိန်တွေတောင် ရှိခဲ့တာ။”
လတ်တလော အမေရိကန်-အီရန် တင်းမာမှု
အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးက အသက်မဝင်တော့ပါဘူး။
”ကျွန်တော့်အတွက်ကတော့ အဲဒါ ပြီးသွားပြီလို့ပဲ ထင်ပါတယ်။”
အမေရိကန်အနေနဲ့ အီရန်နဲ့ စေ့စပ်ဖို့ မရည်ရွယ်တော့ပါဘူး။
”သူတို့နဲ့ ကျွန်တော် အလုပ်မလုပ်ချင်တော့ဘူး၊ သူတို့က လူအောက်တန်းစားတွေပဲ။”
တူရကီအတွက် F-35 ဂျက်တိုက်လေယာဉ်များ
တူရကီက ပဉ္စမမျိုးဆက် F-35 ဂျက်တိုက်လေယာဉ်တွေ ရချင်နေပါတယ်။
”သူတို့ဆီမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးစက်ပစ္စည်းတွေ အများကြီးရှိနေပြီလေ။ အခု F-35 တွေကိုပါ ရဖို့ ကြိုးစားနေကြတယ်။”
စပိန်နဲ့ ကုန်သွယ်မှုလုပ်ဖို့ ငြင်းဆန်ခြင်း
အမေရိကန်က စပိန်နဲ့ ကုန်သွယ်မှု မလုပ်ချင်တော့ပါဘူးလို့ သူကပြောပါတယ်။
”စပိန်က NATO မှာ အရမ်းဆိုးရွားတဲ့ မိတ်ဖက်နိုင်ငံပဲ။ သူတို့က ပါဝင်ပတ်သက်မှုလည်း မရှိဘူး၊ ငွေလည်း မပေးဘူး။ စပိန်နဲ့ ဘာမှကို မပတ်သက်ချင်တော့တာ။”
ဂရင်းလန်းကျွန်း(Greenland) အခြေအနေ
”ဂရင်းလန်းက အမေရိကန်အတွက် အရမ်းအရေးကြီးတယ်၊ ဒါပေမဲ့ ဒိန်းမတ်အတွက်တော့ အရေးမကြီးဘူး။”
ကမ္ဘာကြီးကို ကာကွယ်ဖို့ အမေရိကန်အနေနဲ့ အဲဒီကျွန်းကို လိုအပ်တယ်လို့ ထရမ့်က ဆိုပါတယ်။
