နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တည်ဆောက်နေသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း (Myanmar CDC) တည်ဆောက်နေမှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းသည် မြန်မာ – တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးအဖြစ် တည်ဆောက်ခြင်းဖြစ်ပြီး ကိုဗစ် – ၁၉ ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများအတွက် ထိရောက်စွာ ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပြောကြားထားသည်။
အဆိုပါ အဆောက်အဦကို ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယွမ်သန်း ၄၀၀ တန်ဖိုးရှိသည့် နိုင်ငံတကာအဆင့်မီ ရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာန တစ်ခုဖြစ်ပြီး ဇီဝလုံခြုံမှုအဆင့် (၃) အထိရှိသ ည့် ဓာတ်ခွဲခန်းများအပါအဝင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်း၊ ရောဂါထိန်းချုပ်နှိမ်နင်းရေးစနစ်များပါရှိသည့် (၃) ထပ်ရောဂါထိန်းချုပ်နှိမ်နင်းရေးအဆောက်အဦ၊ သင်တန်းသား/သင်တန်းသူဦးရေ ၄၀၀ ဝန်းကျင်ထားရှိပြီး လေ့ကျင့်သင်ကြားပေးနိုင်မည့် (၃) ထပ်ဆောင် ကျန်းမာရေး သင်တန်းကျောင်းအဆောက်အဦနှင့် (၂) ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ ပါရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း တရုတ်နိုင်ငံသို့စေလွှတ်ပြီး လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Photo Credit-mitv website