မွန်ညီညွှတ်ရေးပါတီ (MUP) အနေဖြင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၃၀) ခန့်ကို အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးသွားမည်ဖြစ်ရာ လက်ရှိတွင် ကျေးရွာပေါင်း (၁၄) ရွာကို သွားရောက် မဲဆွယ်စည်းရုံးထားပြီးဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ် အောင်နိုင်ရေးကော်မတီထံက သိရသည်။
ယနေ့ နိုဝင်ဘာ (၂၉) ရက်၌ သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ်ကျေးရွာအတွင်းရှိ မဲဆန္ဒရှင်ပြည်သူ (၅၀) ကျော်အား မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ကိုယ်စားလှယ်လောင်းတစ်ဦးစီက မဲဆန္ဒနယ်အလိုက် မဲပေးပုံစနစ်များကိုဆွေးနွေးခဲ့ကြသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသန်းရွှေက မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ရှုံးဆုံးမှုမရှိစေရန် မဲပေးကြရေးပြောကြားခဲ့သလို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်ထွေး (ခ) မင်းစောနွယ်ကလည်း မဲပေးပုံနည်းစနစ်ကို အသိပညာပေးဟောပြောခဲ့ကြသည်။
မွန်ညီညွှတ်ရေးပါတီ (MUP) အနေဖြင့် ကျေးရွာတစ်ရွာလျှင် တစ်ရက်နှုန်းမဲဆွယ်စည်းရုံးနေကြခြင်းဖြစ်ပြီး နောက်ထပ်မဲဆွယ်စည်းရုံးရေးဆင်းရန် ကျေးရွာပေါင်း (၂၀) ကျော်ကျန်ရှိနေသေးကြောင်း သိရသည်။
