MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများ ပတ်စ်ပို့သက်တမ်းတိုးလိုပါက ရန်ကုန်အထိလာရန်မလိုတော့ကြောင်း မြန်မာသံရုံး(ဘန်ကောက်) မှ သတင်းထုတ်ပြန်ထားသည်။
မြဝတီမြို့နှင့် ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် လုပ်ငန်းခွင်ပြန်ဝင်ခွင့်ရအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယခင်က MOU စနစ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို ၅ နှစ်သက်တမ်းရှိသည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ထုတ်ပေးထားပြီး ပတ်စ်ပို့သက်တမ်းပြည့်ရန် တစ်နှစ်အလိုတွင် မြန်မာနိုင်ငံသို့ ပြန်လာ၍ ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် သက်တမ်းတိုးရန် အသိပေးကြေညာထားခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ်သက်တမ်း နှစ်နှစ်နှင့်အထက်ကျန်ရှိသူများသည် ယခုအချိန်တွင် MOU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်လည်အလုပ်ဝင်ရောက်လိုပါက ယခင်ကလို ရန်ကုန်မြို့အထိ ပြန်သွားစရာ မလိုတော့ဘဲ မြဝတီနှင့် ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်ပြီး One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံရှိ အလုပ်ခွင်အတွင်း အချိန်တိုအတွင်း ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် အချို့သော MOU လုပ်သားများသည် ပတ်စ်ပို့သက်တမ်း တစ်နှစ်ကျန်ရှိသေးသော်လည်း မြန်မာနိုင်ငံမပြန်သဖြင့် ပတ်စ်ပို့သက်တမ်း ကုန်ဆုံး၍ အသစ်ပြန်လျှောက်လိုပါက ပျောက်ဆုံး/ပျက်စီးများအတွက် ဒဏ်ကြေး ဘတ် ၃၆၅၀ ပေးဆောင်စေရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်တွင် မြန်မာသံရုံးမှ အသိပေးထားပြီးဖြစ်သည်။