Meta ကနေ သူတို့ရဲ့ AI မော်ဒယ်သစ်ဖြစ်တဲ့ Muse Image ကို ကြေညာလိုက်ပါတယ်။ ဒီ AI က ကိုယ် public ဖွင့်ထားတဲ့ Instagram posts တွေနဲ့ reels တွေကို သုံးပြီး AI content တွေ တခြားသူတွေကိုပါ ဖန်တီးခွင့်ပေးမှာဖြစ်ပြီး၊ အစကတည်းက ပုံသေ (by default) ဖွင့်ပေးထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“Meta AI app ထဲမှာ Instagram အကောင့်တွေကို @ နဲ့ mention ခေါ်ပြီး သီးသန့် Instagram profile တွေကို ကိုယ့်ရဲ့ ပုံတွေထဲ တိုက်ရိုက် ထည့်သွင်းနိုင်ပါတယ်” လို့ Meta က ပို့စ်တစ်ခုမှာ ပြောထားပါတယ်။
“ကိုယ့်စိတ်ကြိုက် ပွဲဖိတ်စာတစ်ခု ဒီဇိုင်းဆွဲချင်တာပဲဖြစ်ဖြစ်၊ အများနဲ့ ပူးပေါင်းဖန်တီးထားတဲ့ အိုင်ဒီယာတစ်ခုကို ပုံကြမ်းဆွဲကြည့်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ပိုင်သီးသန့် ဂရပ်ဖစ်တစ်ခု ဖန်တီးချင်တာပဲဖြစ်ဖြစ် username တစ်ခုကို tag တွဲလိုက်တာနဲ့တင် Meta AI က public တင်ထားတဲ့ ဓာတ်ပုံတွေကို သုံးပြီး ပို့စ်တင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံရိပ်တစ်ခုကို ဖန်တီးပေးသွားမှာပါ” လို့ ဆိုပါတယ်။
Muse Image ဆိုတာကတော့ Meta ရဲ့ Superintelligence Labs ကနေ ပထမဆုံး ထွက်လာတဲ့ ပုံရိပ်ဖန်တီးမှုအဓိကထားတဲ့ AI မော်ဒယ်တစ်ခုပါ။ ရှုပ်ထွေးတဲ့ ခိုင်းစေချက် (prompts) တွေကို ပိုပြီး နားလည်နိုင်ဖို့နဲ့ ဓာတ်ပုံအများကြီးကို ပေါင်းစပ်ပြီး သူတို့ရဲ့ ပလက်ဖောင်းတွေ အပါအဝင် တခြားနေရာတွေမှာပါ မျှဝေလို့ရမယ့် အရည်အသွေးမြင့် ဖန်တီးမှုတွေ ရလာအောင် အဆင့်မြင့် ဆင်ခြင်တွေးခေါ်မှု (advanced reasoning) ကို အသုံးပြုထားတယ်လို့ ကုမ္ပဏီက ပြောပါတယ်။
သူ့ကို WhatsApp နဲ့ Instagram ထဲမှာလည်း ထည့်သွင်းထားပြီး၊ Instagram Stories တွေအတွက် AI အထောက်အကူပြု အထူးပြုလုပ်ချက်တွေ သုံးနိုင်ဖို့နဲ့ WhatsApp ပေါ်က Meta AI နဲ့ တိုက်ရိုက်ချက်တင်(direct chats) တွေမှာ ပုံဖန်တီးတာတွေ လုပ်နိုင်ဖို့ ပံ့ပိုးပေးထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေကိုတော့ အစပိုင်းအနေနဲ့ နိုင်ငံအနည်းငယ်မှာပဲ စတင်ထုတ်ပေးနေပါတယ်။
အသုံးပြုသူတွေအနေနဲ့ Meta AI app ပေါ်မှာ တခြား public ဖွင့်ထားတဲ့ Instagram အကောင့်တစ်ခုကို tag တွဲပြီး reels, posts ဒါမှမဟုတ် stories အသစ်တွေ ဖန်တီးခွင့်ရှိပါတယ်။ ဒီလိုဖန်တီးရာမှာ “သင် တင်ထားတဲ့ ဓာတ်ပုံ၊ ဗီဒီယို ဒါမှမဟုတ် reels တွေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အားလုံး” ကို ပြန်သုံးနိုင်ပြီး၊ public တင်ထားတဲ့ အရာတွေကို AI ပုံတွေ ဖန်တီးဖို့အတွက် ကုန်ကြမ်းတွေအဖြစ် အလိုအလျောက် ပြောင်းလဲပစ်လိုက်မှာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ အကူအညီပေးရေး စာရွက်စာတမ်း(help document) မှာလည်း “ဒါ့အပြင် လူတွေက Meta မှာရှိတဲ့ AI လုပ်ဆောင်ချက်တွေကို သုံးပြီး သင့်ရဲ့ Instagram content တွေနဲ့ နောက်ထပ် content အသစ်တွေ ဖန်တီးနိုင်ပါတယ်” လို့ မှတ်ချက်ပြုထားပါတယ်။ “တခြားအသုံးပြုသူရဲ့ setting တွေပေါ် မူတည်ပြီး၊ သင့်ဆီက ပြန်သုံးထားတဲ့ content တွေကို search engine ရှာဖွေမှု ရလဒ်တွေမှာပါ တွေ့လာနိုင်တယ်လို့ ဆိုလိုတာပါ”
အကယ်၍ အသုံးပြုသူက public ကနေ private အကောင့်ကို ပြောင်းလိုက်မယ်ဆိုရင်၊ သူတို့အကောင့်ကို private အဖြစ် ၂၄ နာရီထက်ကျော်ပြီး ထားထားမယ်ဆိုရင်တော့ သူတို့ရဲ့ content တွေကို သုံးထားတဲ့ reels, posts နဲ့ stories အားလုံးကို Instagram ပေါ်ကနေ ဖျက်ပစ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တခြားသူတွေက AI လုပ်ဆောင်ချက်တွေ သုံးပြီး ဖန်တီးထားပြီးသား content တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပါဘူး။
အသက် ၁၈ နှစ်အောက် public အကောင့်ဖွင့်ထားတဲ့ Instagram အသုံးပြုသူတွေအတွက်ဆိုရင်တော့၊ သူတို့ရဲ့ အကောင့် settings က ပြန်လည်အသုံးပြုခွင့် (reuse) ပေးထားမှသာ သူတို့ကို follow လုပ်ထားသူတွေကပဲ အဲ့ဒီ မီဒီယာတွေကို ပြန်သုံးခွင့်ရမှာပါ။
မှတ်သားထားရမယ့် အချက်ကတော့ အသုံးပြုသူတွေရဲ့ ပုံတွေကို AI သုံးပြီး remix လုပ်တဲ့အခါ ဘာအသိပေးချက်(notification) မှ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် public အကောင့်တစ်ခုက အသုံးပြုသူတစ်ယောက်ရဲ့ content ကို ရိုးရိုး remixes, sequences, stickers နဲ့ templates တွေအဖြစ် ပြန်သုံးမယ်ဆိုရင်တော့ အသိပေးချက်(notifications) တွေ ဆက်ပြီး ပို့ပေးနေဦးမှာပါ။
ဒါပေမယ့်လည်း Meta ဘက်ကတော့ AI ဖန်တီးမှုတွေအတွက် သူတို့ရဲ့ content တွေကို ဘယ်လို tag တွဲနိုင်တယ်ဆိုတာကို အသုံးပြုသူတွေက အပြည့်အဝ ထိန်းချုပ်ခွင့်ရှိပြီး၊ ပိတ်ထားနိုင်တဲ့ ရွေးချယ်ခွင့်လည်း ရှိတယ်လို့ အခိုင်အမာ ပြောထားပါတယ်။ ပိတ်ချင်တယ်ဆိုရင်တော့…
၁/ Instagram ကို ဖွင့်ပါ။
၂/ သင့်ရဲ့ profile ကို သွားပါ။
၃/ ☰ menu ကို နှိပ်ပါ။
၄/ Settings and activity ကို ဖွင့်ပါ။
၅/ Sharing and reuse ကို နှိပ်ပါ။
၆/ Allow people to create with and reuse your content ဆိုတာလေးကို ဆွဲချရှာလိုက်ပါ။
၇/ Posts and Reels ဆိုတာကို ပိတ် (Turn off) လိုက်ပါ။
Setting မပိတ်ခင်က ဖန်တီးထားခဲ့တဲ့ ဟာတွေကို ဖျက်ပေးမှာ မဟုတ်တဲ့အတွက် public profile ထားတဲ့ Instagram အသုံးပြုသူတွေအနေနဲ့ ဒီ setting ကို ပိတ်ထားဖို့ အကြံပြုထားပါတယ်။ ဒီလုပ်ဆောင်ချက်ကို မကြာခင်မှာ Facebook, Messenger နဲ့ Meta Advantage+ creative ကတစ်ဆင့် ကြော်ငြာထည့်သွင်းသူတွေအတွက်ပါ ရနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။
နည်းပညာကုမ္ပဏီတွေက သူတို့ရဲ့ AI ဝန်ဆောင်မှုတွေ ပိုကောင်းလာစေဖို့ ရည်ရွယ်ပြီး AI တွေကို သူတို့ရဲ့ ထုတ်ကုန်တွေထဲ ပိုပိုပြီး ထည့်သွင်းလာကြသလို၊ ပုံသေအနေနဲ့ ကိုယ်တိုင်ရွေးချယ် ဖွင့်ရတာမျိုး (opt-in) ထက် အလိုအလျောက် ဖွင့်ထားပြီး မသုံးချင်မှ ပိတ်ရတဲ့စနစ် (opt-out) ကို ပြောင်းလုပ်လာကြတဲ့ အချိန်မှာပဲ ဒီတိုးတက်ပြောင်းလဲမှု ထွက်ပေါ်လာတာပါ။
လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ကပဲ Google ဟာ သူတို့ရဲ့ privacy settings ထဲမှာ Search Services History ဆိုတဲ့ ရွေးချယ်စရာ အသစ်တစ်ခုကို ထုတ်ပေးခဲ့ပါတယ်။ အဲ့ဒီ လုပ်ဆောင်ချက်က sign-in ဝင်ထားတဲ့ အသုံးပြုသူတွေအတွက် သူတို့ရဲ့ AI မော်ဒယ်တွေကို ပိုကောင်းလာစေဖို့ ပုံတွေ၊ ဖိုင်တွေ၊ အသံနဲ့ ဗီဒီယို မှတ်တမ်းတွေ အပါအဝင် မီဒီယာတွေကို ကုမ္ပဏီက သိမ်းဆည်းခွင့် ပြုထားတာ ဖြစ်ပါတယ်။
“သင့်ရဲ့ မီဒီယာတွေကို Google ဝန်ဆောင်မှုတွေမှာ သင်အသုံးပြုရတဲ့ အတွေ့အကြုံ ပိုကောင်းလာစေဖို့အတွက် သုံးကောင်းသုံးနိုင်ပါတယ်။ ဥပမာ – အရင်တုန်းက သင်ရှာဖွေခဲ့တဲ့ ပုံရိပ်ရှာဖွေမှု (visual searches) တွေကို ပြန်ကြည့်ခွင့်ပေးတာမျိုးပါ” လို့ သူတို့ရဲ့ အထောက်အကူပြု စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ “သိမ်းဆည်းထားတဲ့ မီဒီယာတွေကို Google ရဲ့ AI မော်ဒယ်တွေနဲ့ နည်းပညာတွေအပြင်၊ အဲဒါတွေကို အသုံးပြုထားတဲ့ Google ဝန်ဆောင်မှုတွေကို တိုးတက်ကောင်းမွန်လာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ မီဒီယာတွေကို သိမ်းဆည်းထားတဲ့အခါ သင့်ရဲ့ Search Services History ထဲမှာ ဝင်ကြည့်နိုင်ပါတယ်”
“Google ဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးဖို့၊ ဖန်တီးဖို့နဲ့ ပိုကောင်းလာစေဖို့ (ဥပမာ- generative AI မော်ဒယ်တွေကို လေ့ကျင့်ပေးတာမျိုး) အပြင်၊ လူသား စစ်ဆေးသူ (human reviewers) တွေရဲ့ အကူအညီနဲ့ Google ကိုယ်တိုင်၊ အသုံးပြုသူတွေနဲ့ အများပြည်သူကို ကာကွယ်ပေးဖို့အတွက်လည်း သင့်ရဲ့ history ကို အသုံးပြုပါတယ်” လို့ Google က ဆက်ပြောထားပါတယ်။
သီးခြားအနေနဲ့ Google က “Personalized Recommendations” ဆိုတဲ့ setting အသစ်တစ်ခုကိုလည်း ထပ်ထည့်ထားပါသေးတယ်။ ဒါကို ဖွင့်လိုက်မယ်ဆိုရင် Search နဲ့ AI ရဲ့ တုံ့ပြန်မှုတွေမှာ သင့်အတွက် သီးသန့်ရွေးချယ်ပေးထားတဲ့ ရလဒ်တွေ ပြသပေးဖို့၊ Google Search နဲ့ News Apps တွေမှာ သီးသန့် ရွေးချယ်ပေးထားတဲ့ သတင်း (curated feeds) တွေ ပြပေးဖို့နဲ့ သင့် တည်နေရာနဲ့ သက်ဆိုင်တာတွေ ပြပေးဖို့အတွက်၊ သင့်အကောင့်ရဲ့ profile အချက်အလက်၊ Search Services History နဲ့ တခြား Google site တွေ၊ app တွေမှာ သိမ်းထားတဲ့ လှုပ်ရှားမှုအချက်အလက် (activity) တွေကို အသုံးပြုမှာ ဖြစ်ပါတယ်။
