Leopard 2 တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန် ဂျာမနီနိုင်ငံက ဆုံးဖြတ်ချက် မချသေးသည့်အတွက် စိတ်ပျက်မိကြောင်း ယူကရိန်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andriy Melnyk က CNN နှင့် အင်တာဗျူးတွင် ဖွင့်ဟပြောကြားခဲ့သည်။
သောကြာနေ့က CNN နှင့် အင်တာဗျူးရာတွင် ဂျာမနီ၏ တာဝန်မဲ့မှုအား စိတ်ပျက်စရာအဖြစ် Melnyk က ပြောကြားခဲ့ပြီး၊ ဗြိတိန်က Challenger 2 တင့်ကားများပေးပို့မည်ဆိုခြင်းအတွက် ဗြိတိန်အား ချီးကျူးဂုဏ်ပြုကြောင်းနှင့် အဆိုပါ လုပ်ဆောင်ချက်မျိုးကို အခြားနိုင်ငံများကပါ လိုက်လံလုပ်ဆောင်ကြမည်ဟုလည်း မျှော်လင့်ကြောင်း သူက ဆက်လက်ပြောကြားခဲ့သည်။
ဗြိတိန်သည် Challenger 2 တိုက်ပွဲဝင်တင့်ကားများကို ယူကရိန်းသို့ ပေးပို့သည့် ပထမဆုံးနိုင်ငံဖြစ်သည်။
အသစ်ခန့်အပ်ထားသော ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က ဂျာမနီနိုင်ငံ ရမ်စတိန်းလေတပ်အခြေစိုက်စခန်း၌ သောကြာနေ့က ပြုလုပ်ခဲ့သည့် နေတိုးမဟာမိတ်များ ကာကွယ်ရေးအစည်းအဝေးတွင် Leopard 2 တင့်ကားများ ယူကရိန်းသို့ ပေးပို့ခြင်းနှင့် ပတ်သက်၍ မိမိဆုံးဖြတ်ချက်မချရသေးကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
(CNN)