မြန်မာ-ထိုင်းနယ်စပ်ရှိ KK park နေရာအား တပ်မတော်မှရှင်းလင်းနေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အပြီးပြတ်ရှင်းလင်းသွားမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ယာယီသမ္မတမှ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ရောက်ရှိနေချိန်တွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအားဆွေးနွေးပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်တွင် လက်နက်ကိုင်သောင်းကျန်းမှုများကြောင့် တည်ငြိမ်အေးချမ်းမှုများပျက်ယွင်းပြီး ပြည်နယ်အတွင်းနေထိုင်သည့် ပြည်သူများထိခိုက်သကဲ့သို့ နိုင်ငံတော်အနေဖြင့်လည်းထိခိုက်မှုများရှိကာ ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေသူများသည် ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
“တည်ငြိမ်အေးချမ်းမှုရှိမှသာ ပညာသင်ကြားနိုင်မယ်၊ ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုဆောင်ရွက်နိုင်မယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ် ဒါ့ကြောင့် ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဖျ-က်စီးနေတဲ့ တည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်ဆောင်ရွက်နေတာတွေကို ပြည်နယ်အတွင်းနေထိုင်သူတွေကနည်းလမ်းပေါင်းစုံနဲ့ ကာကွယ်ကြဖို့လိုပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ထို့ပြင် နိုင်ငံတော်အနေဖြင့် ကရင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ယွင်းအောင်လုပ်ဆောင်နေမှုများကို ရှင်းလင်းဆောင်ရွက်လျက်ရှိကာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည့် မြန်မာ-ထိုင်းနယ်စပ်အနီးရှိ KK park နေရာအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်အပြီးပြတ်ရှင်းလင်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
