ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊ရဲမွန်တပ်မြို့အနီးတွင် ဇန်နဝါရီ ၂၆ ရက်(ယနေ့)နံနက်ပိုင်းက Hijet ကားတစ်စီး လမ်းဘေးသစ်ပင်အားဝင်တိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က လှည်းကူးမြို့နယ်၊ရဲမွန်တပ်မြို့အနီးရှိ လမ်းလယ်ကျွန်းအမှတ် (၁၈၉)တွင် လမ်းဘေးသစ်ပင်အား အမျိုးသား ၄ ဦးလိုက်ပါလာသည့် Hijet ကားကဝင်တိုက်မိခဲ့ကြောင်း သိရသည်။
လမ်းဘေးသစ်ပင်အား ဝင်တိုက်မိခဲ့သဖြင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား လှည်းကူးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဓမ္မဂုဏ်ရောင်လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရသူ ၂ ဦးအား ဓမ္မဂုဏ် ရောင်လူမှုကူညီရေးအသင်းမှ လှည်းကူးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

