မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများအနေဖြင့် CNG မရရှိမှုကြောင့် ယာဉ်အစီးရေ အပြည့်အဝမထွက်နိုင်ကြောင်း ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
YBS ယာဉ်တွေအနေဖြင့် လျှပ်စစ်မီးပြတ်တောက်မှုနှင့်ဆီဖြည့်စဉ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းတို့ကြောင့် ယာဉ်အစီးရေ၏ ထက်ဝက်ခန့်သာ ပြေးဆွဲနေရကြောင်း Oimni Focus ယာဉ်လိုင်းမှသိရသည်။
“ကားတွေက အထွက်ကားကိုလုံးဝမရှိဘူး။ ဂတ်စ်မရ့ ကားကမထွက်နိုင်ဘူးဖြစ်နေတာ။ ဂတ်စ်ဆိုင်မှာပဲ အချိန်ပေးနေရတော့ ထွက်ကားတွေကကျဲနေတာ”ဟု လူထုမိတ်ဆွေ (၉၃) ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် CNG သဘာဝဓာတ်ငွေ့အရောင်းဆိုင်ပေါင်း ၄၂ ဆိုင်ရှိသည့်အထဲတွင် YBS ယာဉ်တွေအနေဖြင့် ၃၂ ဆိုင်တွင် CNG ဖြည့်တင်းနေရကြောင်း၊ လက်ရှိတွင် YBS ယာဉ်လိုင်းများ CNG သီးသန့်ဖြည့်တင်းနိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲထံတင်ပြထားကြောင်းလည်း သိရသည်။
“ ကျွန်တော်တို့ကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုတင်ပြထားတယ်။ အဓိက မီးမရတာလည်း ပါတယ်လေ။ မီးတွေအချိန်မီမရတာ ကိုယ်ပိုင်မီးစက်တွေမရှိတာပေါ့။ MOGE အနေနဲ့လည်း သူ့အခက်အခဲနဲ့တော့ သူရှိတာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ကုမ္ပဏီတွေကိုများများထွက်ပေးပါ အဲဒါပဲပြောလို့ရတယ်။ အများဆုံးတော့ ထွက်ပေးနိုင်အောင်စီစစ်ပေးထားတယ်။ အစားထိုးယာဉ်တွေပြေးဆွဲပေးဖို့ကတော့ မလွယ်ဘူး။ အတတ်နိုင်ဆုံးတော့ လုပ်ဆောင်ပေးနေပါတယ်”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
YBS ယာဉ်များ အလုံအလောက်မထွက်ရှိနိုင်ခြင်းကြောင့် မှတ်တိုင်များတွင် ခရီးသည်များ စုပုံစောင့်ဆိုင်းနေရကြောင်းလည်း သိရသည်။ မြို့တွင်း၌ YBS ယာဉ်လိုင်းပေါင်း ၁၁၇ လိုင်း၊ယာဉ်အစီးရေ ၃၀၀၀ ကျော်ဖြင့် နေ့စဉ်ခရီးသည် ၁၃ သန်းကျော်ကို ဝန်ဆောင်ပေးနေခြင်းဖြစ်သည်။
