ဇလန်းစကီးမွေးဇာတိကို ရုရှားက ဒုံးကျည်များနှင့် ပစ်ခတ်တိုက်ခိုက်၊ ၄ ဦးသေ ဒါဇင်နှင့်ချီ ဒဏ်ရာရ
ရုရှားနိုင်ငံ မော်စကိုမြို့အား ယူကရိန်းတို့က ဒရုန်းများနှင့် တိုက်ခိုက်ခဲ့ပြီး နောက်တစ်ရက်တွင် ယူကရိန်းသမ္မတ ဇလန်းစကီးက “စစ်ပွဲဟာ ရုရှားနယ်မြေကို ပြန်ရောက်နေပြီ” ဟု သတိပေးခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ အလယ်ပိုင်း ဇလန်းစကီး၏ မွေးရပ်ဇာတိဖြစ်သော Kryvyi Rih ဒေသသို့ ရုရှားဒုံးကျည်များ ယနေ့ တနင်္လာနေ့တွင် ရောက်ရှိလာပြီး အနည်းဆုံး လူလေးဦး သေဆုံးခဲ့ကာ လူပေါင်း သုံးဒါဇင်နီးပါး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း တာဝန်ရှိသူများက ပြောသည်။
၎င်း၏မွေးရပ်ဖြစ်သော Kryvyi Rih တွင် တိုက်ခိုက်မှုအပြီး မကြာမီ ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ဇလန်းစကီးက “ကံမကောင်းစွာပဲ၊ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်” ဟု ပြောကြားခဲ့သည်။ “အပျက်အစီးတွေအောက်မှာ လူတွေရှိနိုင်သေးတယ်။”ဟုလည်း သူကဆိုသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေချိန်တွင် တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူလေးဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် အရေးပေါ်ဌာနက ပြောကြားခဲ့သည်။ ယူကရိန်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူ Yurii Ihnat က ရုရှားသည် တိုက်ခိုက်မှုများတွင် ပဲ့ထိန်းဒုံးကျည်များကို အသုံးပြုဖွယ်ရှိကြောင်း ပြောသည်။
တနင်္ဂနွေနေ့က နေ့စဉ်မိန့်ခွန်းတွင်မူ ဇလန်းစကီးက “ခုအခါမှာ ယူကရိန်းက ပိုအားကောင်းလာပြီး စစ်ပွဲက ရုရှားရဲ့ နယ်မြေ၊ သူ့ရဲ့ အထင်ကရ အချက်အချာကျတဲ့ နေရာတွေနဲ့ စစ်အခြေစိုက်စခန်းတွေဆီကို တဖြည်းဖြည်း ပြန်သွားနေပါတယ်” ဟု သတိပေး ပြောကြားခဲ့သည်။