ဂျိုး ဘိုင်ဒန် လက်ထက်မှာ Autopen အလိုအလျောက် လက်မှတ်ထိုးစက်နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာရွက်စာတမ်းတွေ အားလုံးကို “အဆုံးသတ်” ဖျ-က်သိမ်းမယ်လို့ သမ္မတထရမ့်က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘိုင်ဒန် သမ္မတတာဝန်ယူထားချိန်မှာလွတ်ငြိမ်းချမ်းသာခွင့်တွေ၊ အမှုဆောင်အမိန့်တွေ၊ ကြေညာချက်တွေနဲ့တကွ Autopen သုံးပြီး လက်မှတ်ထိုးခဲ့သမျှ စာရွက်စာတမ်း အားလုံးကို ရည်ညွှန်းတာပါပဲ။
“အိပ်ငိုက်နေတဲ့ ဂျိုး ဘိုင်ဒန်က Autopen နဲ့ လက်မှတ်ထိုးခဲ့တဲ့ စာရွက်စာတမ်းမှန်သမျှဟာ၊ အဲဒါတွေက ၉၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်၊ အခုအချိန်ကစပြီး အဆုံးသတ်လိုက်ပါတယ်၊ တရားဝင်အကျိုးသက်ရောက်မှုလည်း လုံးဝမရှိတော့ပါဘူး” လို့ ထရမ့်က ဆိုရှယ်မီဒီယာမှာပြောကြားခဲ့ပါတယ်။
“ကောက်ကျစ်တဲ့ ဂျိုး ဘိုင်ဒန်က တိုက်ရိုက်လက်မှတ်မထိုးခဲ့တဲ့ အမှုဆောင်အမိန့်တွေနဲ့ တခြားစာရွက်စာတမ်းတွေအားလုံးကို ကျွန်တော်ဖျ-က်သိမ်းလိုက်ပါတယ်၊ ဘာလို့လဲဆိုတော့ ဥပဒေနဲ့ မညီဘဲ လုပ်ဆောင်ခဲ့လို့ပါပဲ” လို့လဲ သူကဆိုပါတယ်။
၂၀၁၁ ခုနှစ်မှာ ဘားရက် အိုဘားမားဟာ ဥရောပမှာ ရှိနေတုန်း ဥပဒေကြမ်းတစ်ခုကို Autopen နဲ့လက်မှတ်ထိုးခဲ့တဲ့ ပထမဆုံး သမ္မတဖြစ်ခဲ့တယ်လို့ The New York Times သတင်းစာကဖော်ပြခဲ့ပါတယ်။ စာရွက်မူရင်းတွေကို သမ္မတဆီ လေယာဉ်နဲ့ ပို့ပြီး လက်မှတ်ထိုးခိုင်းရတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။
ဘိုင်ဒန် လက်ထက်မှာ ဒီစနစ်ကို သုံးတာဟာ အဲဒီအချိန်က သမ္မတဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေပြီး အိမ်ဖြူတော်ကို မထိန်းချုပ်နိုင်ဘူးဆိုတာကို သက်သေပြနေတယ်လို့လဲ ထရမ့်ကပြောပါတယ်။
ဘိုင်ဒန် ရာထူးက နုတ်ထွက်ချိန်မှာ အသက် ၈၂ နှစ် ရှိခဲ့ပြီး၊ ထရမ့်ကတော့ အခု အသက် ၇၉ နှစ် ရှိနေပြီဖြစ်ကာ ၂၀၂၉ ခုနှစ် ဇန်နဝါရီမှာ ရာထူးက ထွက်ခွာရမှာ ဖြစ်ပါတယ်။
