ကာရေဘီယံပင်လယ်ထဲမှာ ၂၄ ရက်ကြာ လမ်းပျောက်သွားတဲ့ ဒိုမီနီကန် နိုင်ငံသားတစ်ဦးဟာ ပင်လယ်ထဲ ဦးတည်ရာမဲ့ မျောပါနေတဲ့တစ်လျှောက်လုံး ခရမ်းချဉ်သီးဆော့စ်ပဲ စားပြီး အသက်ရှင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၄၇ နှစ်အရွယ် အဲလ်ဗစ် ဖရွန်ဆွာကို ကိုလံဘီယာနိုင်ငံ ဘိုလီဗာ ပွ့တ်တို မြို့ အနောက်မြောက်ဘက် ရေမိုင် ၁၂၀ အကွာမှာ လေယာဉ်တစ်စီးက ရှာတွေ့ခဲ့တာပါလို့ ကိုလံဘီယာ ရေတပ်က ဇန်နဝါရီလ ၁၉ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီလေယာဉ်က ရွက်လှေပေါ်မှာ ကူညီပါဆိုပြီး ရေးထွင်းထားတဲ့ စာကို တွေ့ခဲ့တဲ့နောက် သွားရောက် ကယ်ဆယ်ခဲ့တာပါလို့လည်း ပြောထားပါတယ်။
ဖရွန်ဆွာရဲ့ ပြောပြချက်အရ သူဟာ ပင်လယ်မှာ မျောနေတဲ့ ၂၄ ရက်စလုံးကို လှေပေါ်မှာရှိတဲ့ ခရမ်းချဉ်သီးဆော့စ် တစ်ပုလင်းရယ်၊ ကြက်သွန်ဖြူမှုန့်နဲ့ ဟင်းခတ်မှုန့်ရယ်ကို ရေနည်းနည်းရောပြီး စားသောက်ရှင်သန်ခဲ့တာပါလို့ သိရပါတယ်။
သူဟာ ဒီဇင်ဘာလမှာ နယ်သာလန်မှာရှိတဲ့ စိန့်မာတင်ကျွန်းအနီးမှာ သူရဲ့လှေကို ပြုပြင်နေတဲ့အချိန် ရာသီဥတုအခြေအနေ ဆိုးရွားလာပြီး သူ့လှေကို ပင်လယ်ထဲ ဆွဲခေါ်သွားတဲ့အတွက် အဲဒီလို လမ်းပျောက်သွားတာပါလို့ ပြောပါတယ်။
အပတ်ပေါင်းများစွာ ပင်လယ်ထဲမှာ တစ်ယောက်တည်း လမ်းပျောက်နေတဲ့အတွက် တစ်ခါတစ်လေ စိတ်ပျက်ပြီး မျှော်လင့်ချက်တွေ ပျောက်ဆုံးလာပေမယ့် ကျန်နေတဲ့မိသားစုအကြောင်း တွေးပြီး အသက်ဆက်ခဲ့တာပါလို့ ဖရွန်ဆွာက ပြောခဲ့ပါတယ်။
Source: CNN