နိုင်ငံကူးလက်မှတ် ရက်ချိန်းတိုကင်များကို ထုတ်ပေးရာတွင် အဆင်မပြေဖြစ်မှုပေါ်  မြန်မာသံရုံးထုတ်ပြန်

0
205

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် ရက်ချိန်းတိုကင်များကို ထုတ်ပေးရာတွင် အဆင်မပြေဖြစ်မှုအပေါ်  ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

နိုင်ငံကူးလက်မှတ်များထုတ်ပေးရာ၌ မြန်မာနိုင်ငံသားများအနေဖြင့် ဇန်နဝါရီလ ၆ ရက်ညပိုင်းမှ ကြိုတင်ရောက်ရှိခဲ့ပြီး သံရုံးအနေဖြင့် စနစ်တကျတန်းစီပေးပါရန် မေတ္တာရပ်ခံခဲ့သော်လည်း လိုက်နာ ဆောင်ရွက်မှုမရှိသဖြင့် လမ်းပိတ်ဆို့မှုများ၊ ကြန့်ကြာမှုများကြောင့် ကျန်းမာရေးမကောင်းသူများ အနေဖြင့် အဆင်မပြေမှုများဖြစ်ပွားခဲ့ရကြောင်း တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

သံရုံးအနေဖြင့် ကိုယ်ဝန်သည်များနှင့် လသားအရွယ် ကလေးငယ်နှင့်မိခင်များကို တန်းစီရန်မလိုဘဲ သံရုံး၏ ကောင်စစ်ခန်းမ၌ သီးခြားအစီအစဉ်ဖြင့် အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။

ယနေ့ (ဇန်နဝါရီလ ၇ ရက်) တွင်၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သွားသည့် နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးရန်အတွက် တိုကင်ရက်ချိန်းများကို နံနက် ၇ နာရီမှ ညနေ ၅  နာရီအထိ တန်းစီသည့် မြန်မာနိုင်ငံသားများအား စုစုပေါင်း (၆၁၄၂)ဦးအားယနေ့ ထုတ်ပေးနိုင်ခဲ့သည်ဟု သိရသည်။ 

သံရုံးအနေဖြင့် အပတ်စဉ် စနေနေ့တိုင်း ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သူများနှင့် လအလိုက် သက်တမ်းကုန်သူများကို ဆက်လက်ထုတ်ပေးမည်ဖြစ်သည့်အတွက် စနစ်တကျတန်းစီခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံထားသည်ကိုလည်း တွေ့ရသည်။ 

ထို့အပြင် သံရုံး၌ ရက်ချိန်းတိုကင်ပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သူများ၊ သံရုံးရှေ့လမ်းမ၌ သန့်ရှင်း ရေးဆောင်ရွက်ပေးခဲ့သည့် အကျိုးဆောင်များနှင့် ရက်ချိန်းတိုကင် လာရောက်ထုတ်ယူခဲ့သည့် မြန်မာနိုင်ငံ သားအားလုံးနှင့် လုံခြုံရေးဆောင်ရွက်ပေးခဲ့သည့် ထိုင်းရဲတပ်ဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိကြောင်း သံရုံး ​ဖေ့စ်ဘွတ်တွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here