သာကေတမြို့နယ်ရှိ KBZ ဘဏ်ခွဲအားဓားပြတိုက်ရန်စီစဉ်နေသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF တို့မှအဖွဲ့ဝင် ၉ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

0
258

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ KBZ ဘဏ်ခွဲအားဓားပြတိုက်ရန်စီစဥ်နေပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)နှင့်မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF တို့မှအဖွဲ့ဝင် ၉ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်း ဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့နယ်နှစ်ခု၌ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိစဥ် နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် Anti- Coup Pepole’s Liberation Force – ACPLF အဖွဲ့ဝင် ဝေယံကောင်းထက်(ခ)Lu Aye အား မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊စက်ကွေ့(၆)လမ်း ၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နိုဝင်ဘာ ၂၇ ရက်ညနေပိုင်းတွင် ACPLF အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊နိုင်လင်းဇော်(ခ)သော်ထွန်းအောင်နှင့်ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွားတို့အားထပ်မံဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းတွင်လည်း AFF အဖွဲ့ဝင် သက်ဇော်အောင်(ခ)အောင်လေးအား ဖမ်းဆီးရမိခဲ့သည်။

သက်ဇော်အောင်(ခ)အောင်လေး၏ထွက်ဆိုချက်အရ KBZ ဘဏ်ခွဲအား ဓားပြတိုက်ရန် ၎င်းတို့၏ အဖွဲ့ဝင်များ ဗိုလ်တထောင်ဘုရားအနီးရှိ လူကူးကုန်းကျော်တံတားပေါ်၌ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးခဲ့ကြသည်။

ဖမ်းဆီးစဥ် ပြန်လည်ခုခံတိုက်ခိုက်ပြီး လုံခြုံရေးအဖွဲ့ဝင်များ၏ သေနတ်များအား လုယူထွက်ပြေးရန်ကြိုးပမ်း၍ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊မျိုးမင်းဟိန်း(ခ) မဲကြီး၊အာကာမင်းသိန်းတို့အား လက်လုပ်မိုင်း ၂ လုံး၊ ညီမင်းထွန်း အားကျည်ထိမှန်ဒဏ်ရာတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ ၉ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုများ၊ပြည်သူများအား သေနတ်ပြခြိမ်းခြောက်၍ အ ကြပ်ကိုင်မှုများ၊လုယက်မှုများ၊သတ်ဖြတ်မှုများအား ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးရန်ကျန်ရှိသူများကိုလည်း ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here