“ဝ”ဒေသ၊ ပန်ဆန်းမြို့နယ်တွင် ကားဗုံးပေါက်ကွဲ၍ သေဆုံးသူနှင့်ထိခိုက်ဒဏ်ရာရသူများပြား

0
490

ရှမ်းပြည်နယ်၊ “ဝ”ဒေသ၊ ပန်ဆန်းမြို့နယ်၊နမ့်လွတ်ကျေးရွာတွင် နိုဝင်ဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက ကားပေါ်၌ထောင်ထားသည့် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပန်ဆန်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၈ နာရီကျော်ခန့်က နမ့်လွတ်ကျေးရွာရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်ရှေ့တွင်ရပ်ထားသည့် ကိုယ်ပိုင်ကားတစ်စီးပေါ်မှ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီခေါက်ဆွဲဆိုင်က TNLA ရုံနားမှာဖွင့်ထားတာ ခေါက်ဆွဲဆိုင်ရှေ့မလှမ်းမကမ်းမှာရပ်ထားတဲ့ ကားပေါ်ကနေပေါက်ကွဲတာလို့သိရတယ် သေဆုံးတဲ့လူတွေများသလို ဒဏ်ရာရတဲ့လူတွေလည်းများတယ် သေတဲ့လူတွေထဲမှာ ကိုယ်ဝန်ဆောင်တစ်ယောက်လည်းပါတယ်”ဟု ပန်ဆန်းမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

သေဆုံးသူများတွင် သက်ကြီးရွယ်များလည်းပါဝင်ကာ ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးကျော်ခန့်ရှိနေသည်ဟု လူမှုကူညီရေးအသင်းဝင်များ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိအချိန်၌ ထိခိုက်ဒဏ်ရာရသူများအား တေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့မေးကြည့်ရသလောက်ကတော့ အခု ဗုံးပေါက်တဲ့ကားက ဆိုင်ရှေ့မှာရပ်ထားတာကြာပြီလို့သိရတယ် အခုလည်း အဲဒီနားမှာ “ဝ”တပ်မတော်က လုံခြုံရေးယူထားတယ် စစ်ဆေးတာတွေလည်းလုပ်နေကြတယ်”ဟု ပန်ဆန်းမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here