တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦး ယခုနှစ် ပညာရည်ချွန်ဆုရရှိ

0
158

တရုတ်နိုင်ငံ၏ အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦး ယခုနှစ် ပညာရည်ချွန်ဆုရရှိ

တရုတ်နိုင်ငံ၏ နာမည်ကြီး အဆင့်မြင့်တက္ကသိုလ်များမှ ပညာသင်ယူမှု ပြီးမြောက်ခဲ့သည့် မြန်မာနိုင်ငံမှ ထူးချွန်ကျောင်းသားကျောင်းသူများအား မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု ချီးမြှင့်ခဲ့သည်။

 ၂၀၂၂ ခုနှစ်တွင် Peking University ၊ Beijing Foreign Studies University ၊ Central China Normal University စသည့် တရုတ်နိုင်ငံ၏ နာမည်ကြီး အဆင့်မြင့်တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့သည့် မြန်မာထူးချွန်ကျောင်းသားကျောင်းသူ ၄၄ ဦးသည် ယခုနှစ် ပညာရည်ချွန်ဆုကို ရရှိခဲ့ကြခြင်းလည်းဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် “၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု” ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပြီး အခမ်းအနားသို့ ယဉ်ကျေးမှုသံမှူး Mr. Pan Feng တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

သံမှူး Mr. Pan Feng က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ရှည်လျားသောသမိုင်းကြောင်း ရှိကြောင်း၊ ပြည်သူချင်း အေးအတူပူအမျှ ချစ်ခင်ရင်းနှီးစွာ ထိတွေ့ဆက်ဆံကြပြီး ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တည်ငြိမ်စွာ မြှင့်တင်ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရပညာသင်ဆု၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံမှ ပညာသင်ကျောင်းသားကျောင်းသူ ထောင်နှင့်ချီသည် တရုတ်နိုင်ငံ၌ ပညာသင်ယူမှု ပြီးမြောက်ခဲ့ပြီး တရုတ်-မြန်မာ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

မြန်မာကျောင်းသားကျောင်းသူများ၏ ဇွဲလုံ့လဝီရိယရှိမှုကို သံမှူး Mr. Pan Feng က အပြည့်အဝ အသိအမှတ်ပြုပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ ကျောရိုးမဏ္ဍိုင်နှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အားကောင်းစွာ မြှင့်တင်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူ ဖြစ်လာစေရန် အားပေးတိုက်တွန်းခဲ့သည်။

ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသားကျောင်းသူကိုယ်စားလှယ်က တရုတ်နိုင်ငံသို့သွားရောက် ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများကို တရုတ်သံရုံးမှ ပံ့ပိုးကူညီမှုနှင့် အားပေးမှုများ ပေးအပ်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ အနာဂတ်တွင် တရုတ်-မြန်မာဆက်ဆံရေး ချစ်ကြည်ရင်းနှီးစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်မြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ထို့နောက် ပညာတော်သင်ကျောင်းသားကျောင်းသူများသည် တရုတ်နိုင်ငံ၌ ပညာသင်ကြားခဲ့သည့်အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး တရုတ်-မြန်မာ ပညာရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုများကို မည်သို့တိုးမြှင့်ဆောင်ရွက်ရန်၊ တရုတ်နိုင်ငံတွင်ပညာသင်ကြားသည့် မြန်မာကျောင်းသားကျောင်းသူများသမဂ္ဂ ထူထောင်ရန် တို့နှင့်စပ်လျဉ်း၍ တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here