အမေရိကသည်ထိုင်ဝမ်အရေး၌ မီးနှင့်ကစားနေ–ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလားရော့ဗ်
ကုလသမဂ္ဂ၊စက်တင်ဘာ ၂၅
ကုလသမဂ္ဂအထွေထွေညီလာခံ၌ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလားရော့ဗ်သည် ဝါရှင်တန်အားပြင်းပြင်းထန်ထန်ဝေဖန်သည့်အနေဖြင့် ထိုင်ဝမ်အနားတစ်ဝိုက်တွင် အမေရိကသည် မီးနှင့်ကစားနေခြင်းဖြစ်သည်ဟု စက်တင်ဘာ ၂၄ ရက် စနေနေ့ကစွပ်စွဲဝေဖန်ခဲ့သည်။
အင်ဒို – ပစိဖိတ်ဒေသရှိ နိုင်ငံအုပ်စုများ၌ ဝါရှင်တန်၏ဖွဲ့စည်းမှုကိုဝေဖန်လျက် အမေရိကသည် ယခုအခါအာရှဒေသများကို ခွဲထုတ်ရန်ကြိုးပမ်းနေပြီဖြစ်ကြောင်း မစ္စတာလားရော့ဗ်က ကုလသမဂ္ဂအထွေထွေညီလာခံမိန့်ခွန်းတွင်ထည့်သွင်းပြောကြားခဲ့သည်။
“ထိုင်ဝမ်နဲ့အနီးတစ်ဝိုက်မှာ သူတို့ကမီးနဲ့ကစားဖို့ကြိုးပမ်းနေပြီး ထိုင်ဝမ်ကိုလည်း စစ်ရေးအရပံ့ပိုးကူညီပေးဖို့ ကတိပေးထားပါတယ်” ဟု လားရော့ဗ်ကပြောကြားခဲ့သည်။အမေရိကန်နှင့် တရုတ်အကြား ထိုင်ဝမ်အရေးကြောင့်ဆက်ဆံရေးတင်းမာမှုများသည် ကန်နိုင်ငံအောက်လွှတ်တော်ဥက္ကဌနန်စီပေလိုစီ၏ ဩဂုတ်လအတွင်းထိုင်ဝမ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်ကစတင်ခဲ့ခြင်းဖြစ်သည်။ယင်းနောက်တရုတ်နိုင်ငံဘက်မှ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုကိုလည်းပြန်လည်ပြုလုပ်ခဲ့သည်။ထို့အပြင် ကန်သမ္မတ၏ ဒီမိုကရေစီကျွန်းနိုင်ငံငယ်လေးအား ကာကွယ်ပေးမည်ဟုကတိပြုခြင်းကြောင့်လည်း အခြေအနေမှာပိုပိုဆိုးရွားလာခဲ့သည်။
သမ္မတပူတင်သည်လည်း ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်မှပြတ်ပြတ်သားသားရပ်တည်ခဲ့သည်။တရုတ်တစ်နိုင်ငံတည်းမူကိုလည်း အခိုင်အမာလိုက်နာရန် ရည်ရွယ်ထားကြောင်း သမ္မတပူတင်က ပြီးခဲ့သည့်သီတင်းပတ်ကပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ရန်စမှုတွေ ထိုင်ဝမ်ရေလက်ကြားမှာရှိနေတဲ့ ၎င်းတို့ရဲ့ဂြိုလ်တုတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ရှုံ့ချပါတယ်” ဟုဆိုသည်။
အမေရိကသည်ပိတ်ဆို့အရေးယူမှုများမှတစ်ဆင့် ကမ္ဘာကြီးတစ်ခုလုံးအား၎င်း၏ကိုယ်ပိုင် နယ်မြေအဖြစ်ပြောင်းလဲရန်ကြိုးပမ်းနေသည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ “ဒါဟာအာဏာရှင်စနစ်ဆိုတာ ရှင်းရှင်းလင်းလင်းပြနေတာဖြစ်ပြီး အဲ့စနစ်ပုံပေါ်အောင်ပြဌာန်းဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်” ဟု မစ္စတာလားရော့ဗ်ကပြောကြားခဲ့သည်။
ဖေဖော်ဝါရီလက ရုရှားမှယူကရိန်းသို့ကျူးကျော်ဝင်ရောက်ပြီးနောက် အမေရိကန်နှင့်၎င်း၏မဟာမိတ်များသည် မော်စကိုအပေါ်ပိတ်ဆို့အရေးယူမှုများလည်း ချမှတ်ခဲ့သည်။
Source –Reuters/nh