မုံရွာမြို့၊မြို့ပတ်လမ်းတွင် အသက်(၂၀)နှစ်ခန့်ရှိ မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

0
238

မုံရွာမြို့၊မြို့ပတ်လမ်းတွင် အသက်(၂၀)နှစ်ခန့်ရှိ မီးရှို့အသတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊မြို့ပတ်လမ်းရှိ စက်မှုဇုန်အနီးတွင် စက်တင်ဘာ ၂၃ ရက်(ယနေ့)နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)မှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်ခန့်က မြို့ပတ်လမ်းရှိ စက်မှုဇုန်အနီးတွင် ပီနံအိတ်အတွင်းထည့်ထားသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)မှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

ထို့နောက် ရုပ်အလောင်းထည့်ထားသည့်အိတ်အား စစ်ဆေးရာ အသက်(၂၀)နှစ်ခန့်ရှိ အမျိုးသမီးငယ်တစ်ဦးအား လက်ကိုကျိုးတုတ်ထားပြီး ဓာတ်ဆီလောင်းကာ မီးရှို့ထားသည့် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

“လက်ရှိအချိန်ထိတော့ မိသားစုကဆက်သွယ်လာတာမရှိသေးဘူး ပီနံအိတ်အပေါ်ကနေ ဓာတ်ဆီလောင်ပြီး မီးရှို့ခံလိုက်ရတဲ့အနေအထားပါ မျက် နှာ လက်နဲ့ ဗိုက်မှာမီးလောင်ခံထားရတယ်” ဟု မြန်မာနိုင်ငံလူမှူကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ကြောင့် ရုပ်အလောင်းအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာမြို့နယ်ရုံး)မှ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အလားတူ လုံခြုံရေးအဖွဲ့ဝင်များမှလည်း သေဆုံးသူ၏ နာမည်၊နေရပ်လိပ်စာနှင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here