မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၁၄၉ ဦးကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်
မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းအသီးသီးတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ဖမ်းဆီး
ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၄၉ ဦးကို စက်တင်ဘာ ၂၂ ရက်တွင် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးထံမှ သိရသည်။
မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့မှတာဝန်ရှိသူများနှင့် မလေးရှားနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ ထိန်းသိမ်းခံ မြန်မာနိုင်ငံသားများအားပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ပြန်လည်ပို့ဆောင်ရာတွင် မလေးရှားနိုင်ငံ အစိုးရမှ စီစဉ်ပေးသည့် စင်းလုံးငှားလေယာဉ်ဖြင့် မြန်မာနိုင်ငံသား (၁၄၉) ဦးကို ပထမအသုတ်အဖြစ် ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံမှတစ်ဆင့် တရားမဝင် လမ်းကြောင်းမှ သွားရောက်သည့် မြန်မာနိုင်ငံသားများသည် မလေးရှား-ထိုင်းနယ်စပ်တွင် မကြာခဏ အဖမ်းခံနေရပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ပြစ်ဒဏ်ကျခံပြီးလျင် ထိန်းသိမ်းရေးစခန်းများ၌ ထိန်းသိမ်းခံရပြီး အဆိုပါထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသားအထောက် အထား ပြည့်စုံသူများကို မြန်မာသံရုံးအစီအစဉ်ဖြင့် နေရပ်ပြန်ပို့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မလေးရှားထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၈၃ ဦးကို နေရပ်ပြန်ပို့ခဲ့သည်ဟု သိရသည်။