တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်သဘောတူခဲ့ကြ

0
133

တောင်ကိုရီးယားနှင့်ဂျပန်ခေါင်းဆောင်များတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်သဘောတူခဲ့ကြ

နူးယော့ခ်၊စက်တင်ဘာ ၂၂

တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်နှင့် ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါတို့သည် ၂၀၁၉ ခုနှစ်ကတည်းကစကာ ပထမဆုံးအနေဖြင့် နိုင်ငံခေါင်းဆောင်များအချင်းချင်း ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့ပြီး အငြင်းပွားမှုပြဿနာများကို ဖြေရှင်းခြင်းဖြင့် ဆက်ဆံရေးတိုးမြှင့်ရန်လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။အဆိုပါဆွေးနွေးပွဲအား နူးယော့ခ်မြို့၌ကျင်းပနေသည့် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မစ္စတာယွန်းသည်မေလတွင်သမ္မတဖြစ်လာခဲ့ပြီး ၁၉၁၀ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ကိုရီးယားကျွန်းဆွယ်အားဂျပန်ကကိုလိုနီပြုထားခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောအငြင်းပွားမှုများကိုအဆုံးသတ်ကာ တိုကျိုနှင့်ဆက်ဆံရေးကိုမြှင့်တင်ရန်စိတ်အားထက်သန်နေခဲ့သည်။တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံလုံးသည် မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုရင်ဆိုင်နေရချိန်တွင် ဂျပန်နိုင်ငံသည်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း အလေးပေးပြောကြားခဲ့သည်။

ဆိုင်းငံ့ထားသောပြဿနာများကို ဖြေရှင်းခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ရန်လိုအပ်ကြောင်းလည်း ခေါင်းဆောင်နှစ်ဦးက သဘောတူခဲ့ကြပြီး ၎င်းတို့အကြားဆွေးနွေးမှုများကို အရှိန်အဟုန်မြှင့်ရန်သံတမန်များအား ညွှန်ကြားရန်လည်း သဘောတူခဲ့ကြကြောင်း မစ္စတာယွန်း၏ပြောရေးဆိုခွင့်ရှိသူ Lee Jae – Myoung ၏ ပြောကြားချက်ကိုကိုးကား၍ Yonhap သတင်းဌာနကတင်ပြခဲ့သည်။

မကြာသေးမီကထုတ်ပြန်ခဲ့သော မြောက်ကိုရီးယားနျူလက်နက်တရားဝင်အသုံးပြုနိုင်ခွင့် ဥပဒေနှင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားစမ်းသပ်မှုပြန်လည်စတင်နိုင်ခြေများကြောင့် မြောက်ကိုရီးယား၏နျူအစီအစဉ်နှင့်ပတ်သက်၍ ခေါင်းဆောင်နှစ်ဦးစ လုံး သည် များစွာ စိုးရိမ်ခဲ့ကြသည်ဟု Lee ကပြောကြားခဲ့သည်။နှစ်ဖက်စလုံးကဆွေးနွေးပွဲအား အလွတ်သဘောအဖြစ်ဖော်ပြကြပြီး မိနစ် ၃၀ ကြာမြင့်သည်ဟုဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းပြန်ကြားရေး အတွင်းဝန် Hikariko Ono ကမူ ခေါင်းဆောင်နှစ်ဦးသည် “အမျိုးမျိုးသော ကိစ္စရပ်များကိုဖြေရှင်းခြင်းဖြင့်” နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာစေရန်လိုအပ်ကြောင်း ကို လည်း ဆွေးနွေးခဲ့ကြသည်။

၁၉၆၅ ခုနှစ် ၌ သံတမန်ဆက်ဆံရေး ကို ပုံမှန်ပြန်လည်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြား တည်ဆောက်ခဲ့သော ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အခြေခံ၍ အနာဂတ်ဆက်ဆံရေးကို ဦးတည်သွားရန် သဘောတူညီခဲ့ကြောင်းလည်း၎င်းကပြောကြားခဲ့သည်။

မစ္စတာယွန်းနှင့် ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါတို့သည် ကန်သမ္မတဂျိုးဘိုင်ဒင်နှင့်သုံးနိုင်ငံ‌ တွေ့ဆုံမှုအပါအဝင်ဇွန်လက ရီရယ် မက်ဒရစ်၌ကျင်းပခဲ့သည့် နေတိုးထိပ်သီးအစည်းအဝေး၏ပြင်ပ၌လည်း အကြိမ်များစွာတွေ့ဆုံခဲ့ဖူးကြောင်းသိရှိရသော်လည်း ဗုဒ္ဓဟူးနေ့ကတွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးတည်း တွေ့ဆုံဆွေးနွေးမှု၏ပထမဆုံးအကြိမ်ဖြစ်သည်။

Source –Reuters/ec


LEAVE A REPLY

Please enter your comment!
Please enter your name here