ကျရိပ်သန်းနေသည့် စက်သုံးဆီ ဈေးနှုန်းများ တစ်ပတ်အကြာတွင် အတက်ဘက်သို့ ပြန်ရောက်၊ တစ်လီတာ (၁၀၀) ကျော် ပြန်တက်
ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် အကျဘက်သို့ ရောက်နေရာမှ တစ်ပတ်နီးပါးအကြာတွင် ဈေးပြန်တက်ခဲ့ကြောင်း ပြည်တွင်း စက်သုံးဆီ ဈေးကွက်မှ သိရသည်။
စက်တင်ဘာလ (၁၅) ရက်မှ စတင်ကာ တစ်လီတာ (၂ ၂၀၀) ကျပ်အောက် ရောက်ခဲ့သည့် စက်သုံးဆီ ဈေးနှုန်းသည် ယနေ့ စက်တင်ဘာလ (၂၁) ရက်တွင် တစ်လီတာ (၂၂၉၀) ကျပ်သို့ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
OPEC နိုင်ငံများအနေဖြင့် ရေနံကို ပုံမှန်ခွဲတမ်းထက်လျှော့ထုတ်သွားမည်ဆိုသည့် သတင်းများကြောင့် ပုံမှန်ကျရိပ်သန်းနေသည့် စက်သုံးဆီ ဈေးနှုန်းမှာ အတက်ဘက်သို့ ပြန်လည်ဦးတည်လာခြင်း ဖြစ်ကြောင်းလည်း ပြည်တွင်းရှိ ကျွမ်းကျင်သူ အချို့က သုံးသပ်ကြသည်။
ဒေါ်လာဈေးနှုန်း မတည်မငြိမ်ဖြစ်ပေါ်ခဲ့သည့် ပြီးခဲ့သည့် လပိုင်းအတွင်းက ပြည်တွင်း စက်သုံးဆီ ဈေးကွက်တွင် 92 တစ်လီတာလျင် ကျပ် ၃၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး အစိုးရက ဝင်ရောက်ထိန်းချုပ်ရသည့်အခြေအနေသို့ ရောက်ရှိခဲ့သည်။
လက်ရှိတွင် ပြည်တွင်းရှိ စက်သုံးဆီ တင်သွင်းသူများအား ဒေါ်လာထုတ်ချေးသည့်အစီအစဉ်အပြင် အစိုးရက ပြည်ပမှ စက်သုံးဆီ တင်သွင်းခြင်းများ လုပ်ဆောင်ကာ စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန် လုပ်ဆောင်လျက်ရှိသည်။
ယင်းသို့ စက်သုံးဆီ တင်သွင်းမှုများ လုပ်ဆောင်လျက်ရှိရာတွင် အစိုးရအနေဖြင့် ရုရှနိုင်ငံမှ ဝယ်ယူထားသည့် စ က်သုံးဆီများ မကြာမီရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ပြည်သူလူထုနှင့်သက်ဆိုင်သည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုအဓိကထား ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၂၁ ရက် စက်သုံးဆီ တင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရန်ကုန်အထိုင် ရည်ညွှန်းစက်သုံးဆီ ဈေးနှုန်းများမှာ 92 တစ်လီတာ ၂၂၉၀ ကျပ်၊ 95 တစ်လီတာ ၂၃၇၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၇၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၈၃၀ ကျပ်ဖြစ်ပြီး ယမန်နေ့ ဈေးနှုန်းများထက် တစ်လီတာလျင် ၁၀၀ ကျပ်ကျော် မြင့်တက်လာခြင်း ဖြစ်သည်။