ဟောင်ကောင်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း လေ့ကျင့်မှုများစတင်နေ
ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အသင်းသည် စက်တင်ဘာ ၁၉ ရက် ညပိုင်းမှ စတင်ကာ Mong Kok Stadium တွင် လေ့ကျင့်မှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။
မြန်မာ အသင်းတွင် နည်းပြချုပ် အန်တွမ်နီဟေး ရွေးချယ်ခေါ်ယူထားသည့် ကစားသမား ၂၁ ဦးပါဝင်ပြီး နည်းပြ/အုပ်ချုပ်အဖွဲ အပါအဝင် စုစုပေါင်း (၃၂) ဦးဖြင့် ဖွဲ့စည်းထားသည်။
ဟောင်ကောင် လက်ရွေးစင် အသင်းနှင့်ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် အသင်း ပြည်တွင်းရှိ ကစားသမားများဖြင့်သာ ဖွဲ့စည်းထားပြီး ကစားသမားအသစ်များ နိုင်ငံတကာပွဲ အတွေ့အကြုံ ရရှိစေရန်နှင့် အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် ကစားသမားအင်အား ပိုမိုတောင့်တင်းလာစေရန် ရွေးချယ်ခေါ်ယူ ထားခြင်းဖြစ်သည်ဟု သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ FIFA International “A” Friendly Match အဖြစ် စက်တင်ဘာ ၂၁ ရက်နှင့် စက်တင်ဘာ ၂၄ ရက်၊ မြန်မာ စံတော်ချိန် ညနေ(၆ နာရီ ၃၀) တွင် ယခုလေ့ကျင့်လျက်ရှိသည့် Mong Kok Stadium တွင် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ၂ ပွဲကစားမည် ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက် ပွဲစဉ်အား ပရိသတ်မပါဘဲ ကွင်းပိတ်ကစားမည် ဖြစ်ကာ စက်တင်ဘာ ၂၄ ရက် ပွဲစဉ်ကိုမူ ပရိသတ် ဝင်ရောက်အားပေးခွင့် ရမည်ဖြစ်သည်။