မူဆယ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများခက်ခဲနေ

0
185

မူဆယ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများခက်ခဲနေ

ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်အတွင်း၌ စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများနှင့်ကားများ၊ဆိုင်ကယ်သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

မူဆယ်မြို့နယ်၊မိုင်းယု ၁၀၅ မိုင်ကျေးရွာအုပ်စု၊မော့ဒေါင်းကျေးရွာကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် စက်သုံးဆီအရောင်းဆိုင် ၂၂ ဆိုင်ရှိကာ လက်ရှိအချိန်၌ ဆီစျေးမငြိမ်သက်သဖြင့် ဆီဆိုင်အချို့ပိတ်ထားလျက်ရှိပြီး အချို့ဆီဆိုင်များမှာလည်း ဆိုင်ကယ်များအား အနည်းအကျဥ်းသာရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

ထို့ပြင် ဆိုင်ကယ်များအား စက်သုံးဆီလုံးဝရောင်းချပေးခြင်းမရှိသည့်ဆိုင်များလည်းရှိနေသဖြင့် ဒေသအတွင်းပြေးဆွဲပေးလျက်ရှိသည့် ကားကြီး၊ကားလေးများ၊ခရီးသွားကားများနှင့်ကုန်စည်သယ်ယူပို့ဆောင်ပေးနေသည့် ကားများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။

အလားတူ လားရှိုး၊ မူဆယ်၊ မန္တလေး တို့သို့ပြေးဆွဲပေးနေသည့် ကုန်တင်ကားများနှင့်ကိုယ်ပိုင်ကားအချို့မှာလည်း စက်သုံးဆီဝယ်ယူ၍မရသဖြင့် လမ်းဘေးတွင်ခေတ္တရပ်ထားရသည်ဟု သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သြဂုတ် ၁၄ ရက်(ယနေ့)တွင်ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ ရန်ကုန်တိုင်းတွင် 92 Ron တစ်လီတာလျင် ၂၃၂၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၉၀ ကျပ်၊ HSD (500 ppm)တစ်လီတာလျင် ၂၆၅၅ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တစ်လီတာတို့လျင် ၂၇၃၀ ကျပ်စီ သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ရည်ညွှန်းလက်ကားစျေးနှုန်းများမှာလည်း 92 Ron တစ်လီတာလျင် ၂၂၁၃ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၂၇၈ ကျပ်၊ HSD(500 ppm)တစ်လီတာလျင် ၂၅၃၇ ကျပ်၊ HSD (10 ppm)နှင့် HSD (50 ppm)တို့မှာ တစ်လီတာလျင် ၂၆၀၈ ကျပ်တို့စီသတ်မှတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here