ယူကရိန်းသို့ နိုင်ငံခြားအလံတင် သင်္ဘောပထမဆုံးရောက်ရှိ

0
188

ယူကရိန်းသို့ နိုင်ငံခြားအလံတင် သင်္ဘောပထမဆုံးရောက်ရှိ

ဖေဖော်ဝါရီလ စစ်ပွဲစတင်ချိန်မှစ၍ ပထမဆုံးအနေဖြင့် နိုင်ငံခြားအလံလွှင့်ထားသည့်သင်္ဘောတစ်စင်း ယူကရိန်းသို့ရောက်ရှိလာပြီး ဂျုံများတင်ဆောင်မည်ဖြစ်ကြောင်း ယူကရိန်းအခြေခံအဆောက်အဦဝန်ကြီး Oleksandr Kubrakov က ဩဂုတ်( ၆ ) ရက် စနေနေ့ကပြောကြားခဲ့သည်။

ရုရှား၊ ယူကရိန်း၊ တူရကီနှင့်ကုလသမဂ္ဂ အမှုထမ်းများ လုပ်ဆောင်နေသည့် အစ္စတန်ဘူလ်ရှိ ပူးတွဲညှိနှိုင်းရေးစင်တာ၏ကြီးကြပ်မှုဖြင့် ယူကရိန်းသည် ဂျုံတင်ပို့မှုကို ပြန်လည်စတင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။

ယူကရိန်းဂျုံတင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းကြောင့် အငတ်ဘေးဖြစ်ပွားနိုင်ခြေကို ကုလသမဂ္ဂက သတိပေးခဲ့ကာ ကုလနှင့် တူရကီတို့က ရုရှား – ယူကရိန်း နှစ်နိုင်ငံကိုကြားဝင်စေ့စပ်ပေးခဲ့သည်။ယခုပြဿနာမဖြစ်မီက ရုရှားနှင့်ယူကရိန်းတို့သည် ကမ္ဘာလုံးဆိုင်ရာဂျုံတင်ပို့မှု၏ သုံးပုံတစ်ပုံနီးပါးအထိရှိခဲ့ကြသည့်နိုင်ငံများဖြစ်သည်။

ဘာဘေးဒိုးစ်နိုင်ငံ အလံတင်ထားသည့် အထွေထွေကုန်တင်သင်္ဘော Fulmar S သည် ယူကရိန်းဆိပ်ကမ်း Chornomorsk တွင် ရောက်ရှိနေသည်ဟု ဝန်ကြီးကဆိုသည်။

“ယူကရိန်းဆိပ်ကမ်းများတွင် သင်္ဘောများ ပိုမိုဆိုက်ကပ်နိုင်စေရန် ဖြစ်နိုင်သမျှ (အရာရာ) ကိုလုပ်ဆောင်နေကာ အထူးသဖြင့် နှစ်ပတ်အတွင်း တစ်ရက်လျှင် အနည်းဆုံး သင်္ဘောသုံးစင်းမှ ငါးစင်းအထိ ရောက်ရှိဆိုက်ကပ်ရန် စီစဉ်ထားပါသည်” ဟု ၎င်းက လူမှုကွန်ရက်တွင်ရေးသားထားသည်။

“အခုဆိုက်ကပ်မှုကနေတစ်ဆင့် စပါးတင်ပို့မှုသဘောတူညီချက်ဟာ သင်္ဘောပိုင်ရှင်တွေအတွက် ယူကရိန်းနဲ့ပြန်အလုပ်လုပ်ဖို့ လုံခြုံပြီး အမြတ်အစွန်းရှိတဲ့ စီးပွားရေးလမ်းကြောင်းတစ်ခုအဖြစ် ပြသပေးတဲ့အရေးကြီးအချက်ပြမှုတစ်ခုဖြစ်ပါတယ်” ဟုလည်း၎င်းကဆိုသည်။

ယူကရိန်းအနေဖြင့် ၎င်း၏ပင်လယ်နက်ဆိပ်ကမ်းများမှ တစ်လလျှင်ဂျုံတန်ချိန် ၃ သန်းတင်ပို့ရန် ရည်မှန်းထားကြောင်းလည်းပြောကြားခဲ့သည်။သို့‌သော်မနှစ်က ကောက်ပဲသီးနှံတန်ချိန် သန်း ၂၀ လောက်ကမူ ယခုထိနိုင်ငံထဲတွင် ပိတ်မိနေဆဲဖြစ်သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here