OCHA၏ အစီရင်ခံစာအရ တိုက်ပွဲ ဖြစ်ပွားရာဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရန် အခက်အခဲရှိနေဟုဆို

0
152

OCHA၏ အစီရင်ခံစာအရ တိုက်ပွဲ ဖြစ်ပွားရာဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရန် အခက်အခဲရှိနေဟုဆို

ကုလသမဂ္ဂ လူသားချင်းဆိုင်ရာပေါင်းစပ်ညဇိနှိုင်းရေးရုံး(OCHA)၏အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်းရှိ တိုက်ပွဲဖြစ်ပွားရာဒေသဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရန် အခက်အခဲရှိနေကြောင်း ယမန်နေ့ သြဂုတ် ၃ရက်တွင် ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာတွင် တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည့်အတွက် အရပ်သားကာကွယ်စောင့်ရှောက်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာကြောင်း ရေးသားဖော်ပြထားသည်။

 

နိုင်ငံအနောက်မြောက်ဖက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပြင်းထန်သောတိုက်ပွဲများ မြင်တွေ့ခဲ့ရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေအများဆုံး စံချိန်တင်ခဲ့ကြောင်း ဆိုသည်။

 

အလားတူ နိုင်ငံအရှေ့တောင်ဖက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ဘက်ခြမ်းတွင်လည်း ဇွန်လကုန်ကစ၍ တပ်မတော်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရဟု အစီရင်ထံစာတွင်ဖော်ပြထားသည်။

ယင်းအတွက် အစားအသောက်နှင့် ဆေးဝါးပစ္စည်းများအပါအဝင် မရှိမဖြစ်လိုအပ်သည့် ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ကန့်သတ်ထား ခြင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများအပါအဝင် အဆိုပါဒေသရှိ ထိခိုက်ခံစားရသူများအား လူသားချင်းစာနာမှုဆိုင်ရာအကူအညီသွားရောက်အကူအညီပေးရန် အခက်အခဲရှိနေကြောင်းဆိုသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်ကြား၌ တင်းမာမှုများမြင့်တက်လျက်ရှိ ခြင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်နေပြီး ထိခိုက်ခံစားရသူများအား အကူအညီတွေပေးရန် ကန့်သတ်ချက်များရှိနေကြောင်း ဖော်ပြထားသည်။

လက်ရှိ ဇူလိုင် ၂၅ရက်အထိ မြန်မာနိုင်ငံတစ်ဝှမ်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေစုစုပေါင်း ၁ ဒသမ ၂ သန်းကျော် ရှိလာ ပြီး၊ လူဦးရေ ၄၁,၉၀၀ ဦးမှာ အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here