ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည့်လုပ်ရပ်များကို မလုပ်ဆောင်ကြရန် နစက ဥက္ကဌ ပြောကြား

ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည့်လုပ်ရပ်များကို မလုပ်ဆောင်ကြရန် နစက ဥက္ကဌ ပြောကြား
August 2, 2022 Popular Journal

ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည့်လုပ်ရပ်များကို မလုပ်ဆောင်ကြရန် နစက ဥက္ကဌ ပြောကြား

ဒီမိုကရေစီလမ်းကြောင်းအပေါ်မှ သွေဖည်သွားမည့်လုပ်ရပ်များကိုမလုပ်ဆောင်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်တွင် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ယင်းအချက်သည် ပထမဆုံးအခြေခံလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ဆိုသည်။

ယင်းကြောင့် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပြီး၊ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရန် လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်သည် အလွန်အရေးကြီးကြောင်းဆိုသည်။

ထို့အပြင် ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူများလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံရေးသမိုင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ဂုဏ်သိက္ခာမြင့်မားစေမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကျူးလွန်ခြင်း၊ နည်းမျိုးစုံနှင့် မသမာမှုလုပ်ဆောင်ခြင်း များပေါ်ပေါက်လာပါက နိုင်ငံ့ပုံရိပ်ကျဆင်းစေပြီး၊ ဒီမိုကရေစီခရီးလမ်းသည်လည်း အနုတ်လက္ခဏာဆောင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သော၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲမဲမသမာမှုသည် နိုင်ငံ၏ ဒီမိုကရေစီယဉ်ကျေးမှုလမ်းကြောင်းကို ပုံရိပ်ကျ သွေဖည်သွားစေခဲ့ပြီး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲစာရင်း ပြည့်စုံမှန်ကန်ရန်မှာလည်း အရေးကြီးသည့်အချက်ဖြစ်ကြောင်းဆိုသည်။

ထိုကြောင့် အခြေခံမဲစာရင်း မှန်ကန်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ပူးပေါင်းပြုစုနေပြီး၊ သက်ဆိုင်ရာမြို့နယ် အခြေစိုက်နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်စိစစ်မှုနှင့်မဲစာရင်းပြည့်စုံမှန်ကန်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တစ်ဆက်တည်ပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက နိုင်ငံရေး ပါတီတွေစစ်ဆေးခြင်း၊ မဲဆန္ဒရှင်များပြုစုခြင်းအပါအဝင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ နှင့် နည်းဥပဒေ ၂၃ တို့နှင့် အညီ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ စပြီး နိုင်ငံရေး ပါတီတွေရဲ့ စာရင်းများကို စုစည်းခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လကုန်အထိ ပါတီ ၈၅ ပါတီကို စုစည်းပြီးဖြစ်ကာ စစ်ဆေးရန်ကျန်ပါတီများကို ဆက်လက်စစ်ဆေးရန် ဆောင်ရွက်လျက် ရှိကြောင်းဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*