တရုတ်၌ အမျိုးသမီးလေးဦး ရိုက်နှက်ခံခဲ့ရသည့် ဗီဒီယို ထွက်ပေါ်လာပြီး​နောက်လူ့အခွင့်​ရေးဆွေး​နွေးမူများအရှိန်မြင့်လာ

0
65

တရုတ်၌ အမျိုးသမီးလေးဦး ရိုက်နှက်ခံခဲ့ရသည့် ဗီဒီယို ထွက်ပေါ်လာပြီး​နောက်လူ့အခွင့်​ရေးဆွေး​နွေးမူများအရှိန်မြင့်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း တန်ရှန်မြို့၌ သောကြာနေ့တွင် အမျိုးသမီးလေးဦးအား ကိုယ်ထိလက်ရောက်စော်ကားခဲ့သော လူကိုးဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့၏ ဇွန်လ ၁၁ ရက် စနေနေ့၌ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအဖြစ်အပျက်အား ရိုက်ကူးမိထားသည့် လုံခြုံရေးဗီဒီယိုဖိုင်အား သောကြာနေ့၌ လူမှုမီဒီယာများတွင် လွှင့်တင်ခဲ့သဖြင့် တရုတ်နိုင်ငံရှိ ပြည်သူများ ဒေါသပုန်ထကာ အမျိုးသမီးများ၏ ဘေးကင်းလုံခြုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးမှုများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သောကြာနေ့ နံနက် ၂ နာရီ ၄၀ မိနစ်၌ ဘာဘီကျူးစားသောက်ဆိုင်တွင် သူငယ်ချင်းများနှင့်အတူ စားသောက်နေသော အမျိုးသမီးတစ်ဦးထံသို့ အမျိုးသားတစ်ဦးချဉ်းကပ်လာပြီး ၎င်း၏လက်အား ယင်းအမျိုးသမီး၏ ကျောပေါ်သို့ တင်လိုက်သည်ကို အဆိုပါ ဗီဒီယိုတွင် တွေ့မြင်ရသည်။

ထို့နောက် အမျိုးသမီးသည် ၎င်း၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ တွန်းထုတ်လိုက်သည်။ထိုအခါ အမျိုးသားက ယင်းအမျိုးသမီး၏ ပါးကိုရိုက်ကာ တုံ့ပြန်လိုက်သဖြင့် ခိုက်ရန်ဖြစ်ပွားမှု စတင်ခဲ့သည်။ ထို့နောက် အမျိုးသမီးသည် ထိုသူအား ဖန်ပုလင်းဖြင့် ရိုက်ကာ ထွက်သွားရန် ကြိုးစားခဲ့သည်ကို တွေ့ရသည်။

ယင်းအမျိုးသမီး၏ သူငယ်ချင်းများက ရန်ပွဲအား ရပ်တန့်ရန် ကြိုးစားစဉ် ထိုသူအပါအဝင် ၎င်း၏သူငယ်ချင်းများကပါ အပြေးအလွှားရောက်လာ၍ အမျိုးသမီးများအား ဝင်ရောက်ရိုက်နှက်ခဲ့ကြောင်း ဗီဒီယို၌ တွေ့ရသည်။

အဆိုပါ ဗီဒီယိုဖိုင်၌ အမျိုးသမီးများအား ကြမ်းပြင်ပေါ်တွင် ထိုးခြင်း၊ ကန်ခြင်း၊ ဆံပင်မှ ဆွဲကိုင်ကာ တရွတ်တိုက်ဆွဲခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။

၎င်းရန်ပွဲအပြီး ထိခိုက်ဒဏ်ရာအများပြားရရှိခဲ့သော အမျိုးသမီး နှစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကျန်အမျိုးသမီး နှစ်ဦးမှာမူ ဒဏ်ရာအနည်းငယ်သာ ရရှိသဖြင့် မစိုးရိမ်ရကြောင်း တန်ရှန် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အမျိုးသားခုနစ်ဦးနှင့် ၎င်းတို့၏အဖော် အမျိုးသမီးနှစ်ဦး စုစုပေါင်း သံသယရှိသူကိုးဦးစလုံးအား စနေနေ့၌ ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ကြေငြာခဲ့သည်ဟု သိရသည်။

Source: CNN
Photo Credit – New Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here