ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိအမှုများအတွက် ဒေါက်တာမြင့်နိုင်အား တရားခံပြသက်သေအဖြစ် စစ်ဆေး

0
127

ဒေါက်တာဇော်မြင့်မောင်အားစွဲဆိုထားသော အဂတိအမှုများအတွက် ဒေါက်တာမြင့်နိုင်အား တရားခံပြသက်သေအဖြစ် စစ်ဆေး

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်အား စွဲဆိုထားသော အဂတိလိုက်စားမှုများအတွက် ဒေါက်တာမြင့်နိုင်ကိုတရားခံပြသက်သေအဖြစ် စစ်ဆေးမေးမြန်းခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှသိရသည်။

အဆိုပါ စစ် ဆေးမေးမြန်းမှုကို မေ ၁၃ ရက်က အိုးဘိုအကျဥ်းထောင်တွင်း သီးသန့်တရားရုံးတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို Vedio Conferencing စနစ်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒေါက်တာမြင့်နိုင်ကိုစစ်ဆေးခဲ့သည့်အမှုများမှာ ရာဇသတ်ကြီးမှုအမှတ် ၆၊ ၇၊ ၈ အမှုတို့အတွက်စစ်ဆေးကြားနာခြင်းဖြစ်ပြီး၊ ယင်းအမှုများသည် ဒေါက်တာဇော်မြင့်မောင် ထိုင်းတွင်ဆေးသွားရောက်ကုသခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ ကုန်ကျခံသုံးစွဲခဲ့သော ငွေကြေးဆိုင်ရာကိစ္စရပ်များဖြစ်ကြောင်း သိရသည်။

ဒေါက်တာမြင့်နိုင်ထွက်ဆိုမှုတွင် NLD ပါတီဝင်များကျန်းမာရေးအတွက်ဆေးကုသရာတွင် ပါတီရံပုံငွေထဲမှ ကုန်ကျခံကုသပေးခြင်းဖြစ်ကြောင်း၊ ၎င်းကိုယ်တိုင် ကျန်းမာရေးအတွက်ဆေးကုသစဥ်အချိန်ကလည်း NLDရံပုံငွေထဲမှ ကုန်ကျခံကုသပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

နောက်ရုံးချိန်းကို မေ ၂၀ရက်နေ့သို့ချိန်းဆိုထားပြီး၊ ယင်းနေ့ရုံးချိန်းတွင် ရာဇသတ်ကြီးအမှုအမှတ် ၆၊ ၇၊ ၈ အမှုများကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here