ပန်းချီဆရာ ၇ ဦး၏ ပန်းချီကားများကို ရသစုံလင်စွာ ခံစားကြည့်ရှုခဲ့ရသည့်True Image (Volume 18)

0
388

ပန်းချီဆရာ ၇ ဦး၏ ပန်းချီကား ၁၁၇ ကားကို ရသစုံလင်စွာ ခံစား ကြည့်ရှုနိုင်မည့် True Image (Volume 18) ပန်းချီပြပွဲကို ရန်ကုန် မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ Gallery 65 တွင် နိုဝင်ဘာလ ၃ ရက်နေ့မှ နိုဝင်ဘာ ၆ ရက် နေ့အထိ ပြသခဲ့သည်။ အဆိုပါပြပွဲ တွင် ပန်းချီဆရာများ ဖြစ်ကြသည့် လှထွဏ်းအောင်၊ မောင်သိန်းဝင်း၊ စိုးစိုး (YUC)၊ ဝတ်ရည်ဦး၊ Pheik Ti၊ ခွန်ထွဏ်းခေါင်၊ ထူးထူး တို့၏ ရေဆေး၊ အခရိုင်းလစ်နှင့် Mixed Medium အမျိုးအစား ပန်းချီကား များကို ပြသခြင်းဖြစ်သည်။ အမျိုး သားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) ပန်းချီပညာ ဌာနမှ လက်ထောက် ကထိကဟောင်း ပန်းချီဆရာ မောင်သိန်းဝင်းက ဦးစီး ကျင်းပခြင်းဖြစ်ပြီး ယခုပြပွဲသည် အကြိမ် ၂ဝ မြောက် ပြပွဲဖြစ်ကြောင်း သိရသည်။


”ပြပွဲပြုလုပ်တဲ့ ရည်ရွယ်ချက် ကတော့ ပန်းချီမျိုးဆက်သစ်တွေ ပေါ်ထွန်းလာဖို့ရယ်၊ နောက်တစ်ခုက ပန်းချီကို သင်ယူထားပြီး မရေးဆွဲဖြစ် တဲ့သူတွေ ပြန်ပြီး ရေးဆွဲဖြစ်သွား အောင်ရယ်ပါ။ ခါတိုင်းပွဲတွေကတော့ ပန်းချီဆရာ ၁၄ ယောက်၊ အယောက် ၂ဝ နဲ့ ကျင်းပတာဆိုတော့ အင်အား များတာပေါ့။ ပန်းချီဆရာ တစ်ဦး ချင်းစီရဲ့ ပန်းချီကားတွေက နည်းတာ ပေါ့။ အဲဒီတော့ တစ်ဦးချင်းစီရဲ့ ပန်းချီကားတွေ များများပါဝင်ချင် တဲ့အခါ ပါဝင်တဲ့ ပန်းချီဆရာ အရေ အတွက်ကို လျှော့ချလိုက်တယ်။ ခါတိုင်းပွဲတွေက လူများများနဲ့ ကျင်းပတဲ့ပွဲ၊ အခုပွဲကတော့ လူနည်း နည်းနဲ့ ကြိုးစားထားတဲ့ ပွဲပါ။ ဒီပွဲ မှာက တစ်ဦးချင်းစီရဲ့ မတူညီတဲ့ ပုံသဏ္ဌာန်၊ မတူညီတဲ့ အတွေးအခေါ် အယူအဆတွေကို ပန်းချီကားတွေမှာ မြင်နိုင်မယ်။ ဆိုလိုတာက တချို့ပွဲ တွေမှာ တစ်ဦးနဲ့တစ်ဦး ပန်းချီကားရဲ့ အကြောင်းအရာ အငွေ့အသက်တွေ က တူညီတာ ရှိတယ်။ ဒီပွဲမှာကတော့ တင်ပြတဲ့ ပုံစံတွေ၊ အမျိုးအစားတွေ၊ အကြောင်းအရာတွေက တစ်ဦးနဲ့ တစ်ဦး မတူကြဘူး။ ၇ ယောက်မှာ ၇မျိုး ရှိနေတယ်။ လာရောက် ကြည့် ရှုကြတဲ့သူတွေ စိတ်ဝင်စားဖွယ် ကောင်းအောင် ကြိုးစားပြီး ရေးဆွဲ ထားတယ်။ ရေးဆွဲတဲ့ အချိန်မှာ ကတည်းက တစ်ယောက်နဲ့တစ် ယောက် မတူညီတဲ့ ဟန်ပန်တွေ ဖြစ်အောင် ကြိုးစားပြီး ရေးဆွဲထား ကြတာပေါ့” ဟု ပန်းချီဆရာ မောင် သိန်းဝင်းက ပြောသည်။


လာမည့် ၂ဝ၁၉ ခုနှစ် ဖေဖော် ဝါရီလအတွင်း True Image (Volume 19) ပြပွဲကို ကျင်းပနိုင် ရန်လည်း စတင်စီစဉ်နေပြီဖြစ် ကြောင်း သိရသည်။

စုမွန်


LEAVE A REPLY

Please enter your comment!
Please enter your name here