အနှိုင်းမဲ့ ချမ်းသာ…

0
241


ဝင်လေ ထွက်လေတွေဖြစ်စေ
အတွေးတွေဖြစ်စေ
ဝေဒနာတွေဖြစ်စေ
သံသယတွေဖြစ်စေ
အားမလိုအားမရမှုတွေဖြစ်စေ
အမျှော်ဥာဏ်တွေဖြစ်စေ…။

အစီအစဉ်တကျမဟုတ်ဘဲ
ပေါ်ချင်တာတွေပေါ်နေပါစေ
ရပ်ကွက်ထဲတွေ့နေသမျှ အရာအားလုံး
ပုဂ္ဂိုလ်သတ္တဝါမဟုတ်ဘဲပျက်သုဉ်း
ချုပ်ဆုံးနေကြောင်းသဘာဝကိုမြင်
ဆုံးဖြတ်ချက်အမှန်ချ
ကိုယ်ပိုင်ဥာဏ်အစွမ်းအစနဲ့
အမှန်တကယ်သိမြင်လာပြီဆိုရင်…။
ဘယ်သူနဲ့မှ
တရားပြိုင်မငြင်းချင်တော့ဘူး။

ဘယ်သူ့ဆီကမှလိုက်လံ
ထောက်ခံစာမတောင်းချင်တော့ဘူး။

ဘယ်နေရာ ဘယ်ဌာနကိုမှ
လှည့်ပတ်တရားမရှာချင်တော့ဘူး။

ခန္ဓာထဲအမှန်ရှိတဲ့သဘာဝအတိုင်း
ကိုယ့်အရှိကိုယ်သိ
ကိုယ့်အသိကိုယ်ဆက်ပွား
ကိုယ့်တရားကိုယ်ဆက်အားထုတ်
ကိုယ့်အရှုပ်ကိုယ်ရှင်း
ကိုယ့်အရှင်းထဲကိုယ်နေ
ကိုယ့်အနေထဲကိုယ့်ဥာဏ်လင်း
ကိုယ့်ဥာဏ်အလင်းနဲ့
ကိုယ့်အမှောင်ကိုယ်ဖြိုခွင်း
ကိုယ့်ငြိမ်းအေးခြင်းနဲ့ကိုယ်
ကိုယ့်လွတ်မြောက်မှုနဲ့ကိုယ်
ဘယ်သူကြည်ညိုညို မကြည်ညိုညို
ကိုယ့်ကိုယ်ကိုယ်ကြည်ညို
အနှိုင်းအဆမဲ့ချမ်းသာမှု
တောင်မြင်းမိုရ်……။

မြသန်းစံ


LEAVE A REPLY

Please enter your comment!
Please enter your name here