ဟန်ကျမောင်

0
302

HanKyaMg

အရင်အပတ်ထုတ်မှာ လူတကာစားတာ၊ ကြောင်လေးတွေစားတာ မျှော်တတ်တဲ့အကျင့်ဆိုးလေးရှိတဲ့ ဟန်ကျမောင်လေးကို အဘွားဖြစ်သူ ရော၊ အမေကပါ ဆုံးမပဲ့ပြင် တည့်မတ်ပြုပြင်ပေးဖို့ သူ့အမြင်၊ ကိုယ့် အမြင်ဆိုကြရင်း အဘွားဖြစ်သူပဲ သွက်လက်ချစ်စရာ ကောင်းတဲ့ မြေးကလေးရဲ့ စိတ်နှလုံးသားထဲမှာရော၊ အမူအကျင့်တွေပါ ကောင်းတဲ့ဘက်ပြောင်းလဲပေးခဲ့ပုံအကြောင်းဖော်ပြခဲ့ပြီး အခုအပတ်မှာ နိဂုံးပိုင်း ဖော်ပြလိုက်ရပါတယ်။

ယခင်အပတ်မှအဆက်

” သိတယ်ဘွားဘွား သူများဆီက လိုက်တောင်းတာ”

” အေးဟုတ်တယ်။ သူတောင်းစားက ဘာလို့သူများဆီကနေ လိုက်တောင်းရတာလဲဆိုရင် သူ့မှာ မရှိလို့ပေါ့။ စားစရာမရှိလို့ စားစရာတောင်းတယ်။ အင်္ကျီတွေ၊ ဘောင်းဘီတွေ၊ ပုဆိုးတွေ မရှိတော့သူ များဆီက တောင်းရတယ်။သူများပေးမှရတာ။ သူများ ကျွေးမှရတာ။ သူတောင်းစားဆိုတာ သူများဘာပေးမလဲ၊ သူများ ဘာကျွေးမလဲဆိုတာကို လိုက်မျှော်နေရတာလေ၊ သားသားလိုပေါ့” “သားက သူတောင်းစားမဟုတ်ပါဘူး ဘွားဘွားရဲ့”

“ဟုတ်တာပေါ့။ အဘွားမြေးက သူတောင်းစားမှ မဟုတ်တာ။ သူတောင်းစားတွေက ကြည့်လိုက်ရင် ညစ် ပတ်နေတာပဲမဟုတ်လား။ သူများကျွေး တာစားပြီး လိုက်တောင်းနေရတာလေ”

“ဟုတ်”
” အဘွားမြေးက သူတောင်းစားမဟုတ်ဘဲ ဘာလို့ သူ တောင်းစားတွေလို လိုက်မျှော်ရတာလဲမြေးရဲ့။ သားလိုက် မျှော်တော့ သားလည်းသူတောင်းစားဖြစ်သွားမှာပေါ့”
“သားမတောင်းဘူးဘွားဘွား၊ သူများစားတာကို ကြည့်တာလေ”
” ဟုတ်တယ်၊ ငါ့မြေးကသူများ စားတာကိုကြည့် တာ။ သူများစားတာကိုကြည့်တာဆိုတော့ သူများစားတာကို တောင်းတာနဲ့ တူတူပဲ မြေးရဲ့” ဟန်ကျမောင်လေးက ဘွားဘွားကိုကြည့်သည်။

“ဆရာမကပြောတယ်။ စာမတတ်ရင် သူတောင်း စားဖြစ်မှာတဲ့။ သားကစာတတ်အောင်သင်တဲ့။ သူ တောင်းစားက စာမတတ်ဘူးတဲ့ ဟုတ်လားဘွားဘွား””ဟုတ်တာပေါ့ မြေးရဲ့၊ ဆရာမက သိပ်တော် တာပဲ။ ဆရာမပြောသလို သူတောင်းစားမဖြစ်အောင် သူများဆီ က မမျှော်ရဘူး။ သူများစားတာကို လိုက်မမျှော်ရဘူး။ သူတောင်းစားဖြစ်သွားမယ်”

“သားသားမတောင်းပါဘူး ဘွားဘွားရဲ့”
” မြေးကမတောင်းဘူးလေ။ ပါးစပ်ကနေ သနား ကြပါခင်ဗျားလို့ သူတောင်းစားတွေက အော်တယ်။ မြေးကအဲဒီလိုမအော်ဘူး။ မျှော်တယ်။ အဲဒီလိုမျှော်နေ တာလည်း တောင်းတာပဲမြေးရဲ့။ ပါးစပ်နဲ့မတောင်းပေ မယ့်မျက်လုံးနဲ့တောင်းနေတာလေ”

“မျက်လုံးကစကားမပြောပါဘူးဘွားဘွားရဲ့” ကလေးနားလည်အောင်ဘယ်လိုပြောရမလဲဆို တာကို ဒေါ်ကြည်ကြည်ဝေမသိတော့ပေ။

“အဘွားမြေးကသူတောင်းစား မဖြစ်ချင်ဘူး မဟုတ်လား။ သူတောင်းစားမဖြစ်ချင်ရင် သူများမမျှော်ရဘူးလေ”
“ဘွားဘွားကလည်း ဒါပဲပြောနေတာပဲ”

ဒေါ်ကြည်ကြည်ဝေ ဘာဆက်ပြောရမှန်းမသိ အောင် ဖြစ်သွားသည်။ ချက်ကျလက်ကျကလေးသ ဘောပေါက်အောင်ပြောနိုင်လျှင် အဆင်ပြေနိုင်တာကို လည်း သိသည်။ မျှော်တတ်သော ကလေးကို မမျှော်ဖို့ ချည်းပြောနေ၍ ထူးလာမည်မဟုတ်တာကိုလည်း သိသည်။ ဒေါ်ကြည်ကြည်ဝေ စဉ်းစားနေစဉ်သူတောင်းစားတစ်ယောက်အိမ် ပေါက်ဝမှာ လာရပ်သည်။ ခါတိုင်း သူတောင်းစားတွေကပါးစပ်ကနေ တောင်း သည်။သူတောင်းစားကလည်း တစ်ကိုယ်လုံး စုတ်ပြတ် သပ်နေပြီး အဝေးကပင် အနံ့တွေကို မခံနိုင်အောင်နံနေ သည်။ ဟန်ကျမောင်လေးက သူတောင်းစားကို အိမ်တံ ခါးအကွယ်ကနေ ချောင်းကြည့်နေသည်။

“ဘွားဘွား သူတောင်းစားကြီး ကကြည့်နေတယ်။ နံတယ်ဘွားဘွား။ မောင်းထုတ်လိုက်။ သားသား ကြောက်တယ်” ဒေါ်ကြည်ကြည်ဝေက သူတောင်းစားကို ပိုက်ဆံ ပေးလိုက်သည်။ သူတောင်းစားက နောက်ကိုလှည့်ကြည့် လှည့်ကြည့်နှင့် ထွက်သွားသည်။

” မြေးလေး သူတောင်းစားထွက်သွားပြီ။ လာ အပြင်ထွက်ခဲ့တော့လေ။ အဲဒီသူတောင်းစားကြီးက စကားလည်းမပြောဘူးနော်မြေး၊ဒီအတိုင်းငေးကြည့် နေတာ။ ဘွားဘွားတို့ ဘာပေးမလဲဆိုပြီး မျှော်နေတာ။ မြေးလေးသဘောကျလား”

” ဟင့်အင်း သားသားကြောက်တယ်။ မျက်လုံးအကြီးကြီးနဲ့ကြည့်နေတာ ဘွားဘွား။ ကြောက်စရာကြီး။ နံလည်းနံတယ်။ ရွံ့စရာကြီး”
” ဟုတ်တယ်နော် ရွံစရာ ကြီး။ မျက်လုံးက မပြူးပါ ဘူးမြေးရဲ့။ ဒီအတိုင်း စိုက်ကြည့်နေလို့ ကြောက် စရာကြီးဖြစ်နေတာ။ သူက မျက်လုံးနဲ့ တောင်းနေတာ။ အဘွားတို့ ပေးမယ့် ဟာ မျှော်နေတာ။ ကြောက် စရာကြီးနော်။ မြေးလည်း သူများဆီက မျှော်နေရင် အဲဒီ သူတောင်းစားလို ဖြစ်နေမှာပေါ့။ သူများဆီက မမျှော်ရဘူးမြေး။ ဒီသူတောင်း စားကြီးလို သူများက ရွံ့ကြမှာလေ” ဟန်ကျမောင်က သူ့အဘွားကို တွေတွေ လေး ကြည့်နေသည်။ သူတောင်းစား ထွက် သွားသည့်နေရာကို မသိမသာချောင်းကြည့်နေသည်။

“ဘွားဘွား သားသားမုန့်စားချင်တယ်”
“မုန့်စားချင်ရင်ကျွေးမှာပေါ့ မြေးရဲ့။ မြေးက ဘာစားမှာလဲ။ ရေခဲမုန့်စားမလား”
“သူတောင်းစားကြီးက အဝေးကြီးရောက်သွားပြီလား ဟင်။ သားသားတို့မုန့်ဆိုင်သွားရင် သူတောင်းစားကြီး နဲ့တွေ့နေမယ်”
“သူတောင်းစားကြီးက သူ့ဟာသူသွားနေတာ ပါမြေးရဲ့။ မြေးကိုဘာမှမလုပ်ပါဘူး”
“သားသားရေခဲမုန့်စားရင် သူကမျှော်နေမှာပေါ့”
“သူကငတ်နေတာကိုးမြေးရဲ့။ မျှော်မှာပေါ့”
“သနားပါတယ်နော် ဘွားဘွား။ ကြောက်စရာကြီး”
“ဟုတ်တယ်မြေးရဲ့။ သူများဆီကမျှော်နေရတာ သနားစရာကောင်းတာပေါ့။ ဒါကြောင့် ဘွားဘွားက မြေးကို သူများဆီက မမျှော်နဲ့လို့ပြောတာပေါ့”

ဟန်ကျမောင်လေးက သူ့အဘွားလက်ကိုဆွဲပြီး လမ်းထိပ်မုန့်ဆိုင်ကို လျှောက်လာခဲ့သည်။ ဆိုင်ထဲက နေကလေးတစ်ယောက်က ရေခဲချောင်းတစ်ချောင်း ကို စုပ်ပြီး ထွက်လာသည်။ ဟန်ကျမောင်က ရေခဲ ချောင်းကို တစ်ချက်လှမ်းငေး လိုက်တာကိုစောင့်ကြည့် နေသည့် အဘွားကတွေ့သည်။ ခါတိုင်းလို နောက်ပြန် လှည့်မငေးတော့တာကိုတော့ သတိထားလိုက်မိသည်။ “ဘွားဘွား ၊သားသားကရေခဲချောင်း မစားချင်ဘူး။ ရေခဲမုန့်စားမှာနော်”

“မြေးလေးကြိုက်တာစား။ ဘွားဘွားဝယ်ကျွေးမယ်”

ဟန်ကျမောင်ကရေခဲမုန့်ထည့်ထားသည့်ရေခဲပုံးရှိရာကို တန်းတန်းမတ်မတ်လျှောက်သွားသည်။ မုန့် တွေ၊ ရေခဲချောင်းတွေ၊ ရေခဲမုန့် တွေ ကိုင်စားထွက်သွား ကြသော ကလေးတွေကို ဟန်ကျမောင်က လိုက်မကြည့် ဘဲ ရေခဲပုံးဆီသို့ အရောက်သွားပြီး နို့ရေခဲမုန့်ဟုမှာ နေလေသည်။ ဒေါ်ကြည်ကြည်ဝေက သူ့မြေးလေးကို ပီတိဖြင့်ကြည့်နေသည်။ ဆိုင်ကကောင်မလေးက ရေခဲ မုန့်ထုတ်ပေးသည်။ ဒေါ်ကြည်ကြည်ဝေက ပိုက်ဆံရှင်း ပေးရမှာကိုမပေးရသေးဘဲသူ့မြေးကိုငေးကြည့်နေသည်။

“ဘွားဘွားပိုက်ဆံပေးလိုက်လေ။ သားရေခဲမုန့် မျှော်နေတာလား။ ဘွားဘွားစားချင်ရင်တစ်ခုဝယ်လေ”

ဒေါ်ကြည်ကြည်ဝေကသဘောကျစွာရယ်လိုက် သည်။ရေခဲမုန့်ဖိုး ထုတ်ပေးလိုက်သည်။ ဟန်ကျမောင် လေးမှာ ရေခဲမုန့်စားရင်းဆိုင်ထဲကနေထွက်လာ သည်။ သူ့ရေခဲမုန့်ကိုပဲစားပြီး တခြားကလေးတွေ စားနေသည့် မုန့်တွေကိုလိုက်မမျှော်သော မြေးကို အဘွားက လိုက်ကြည့်နေမိသည်။ ရေခဲမုန့်စားနေရာ ကနေ ဟန်ကျမောင်မော့ကြည့်တော့ သူ့ကိုငေး ကြည့်နေသည့် အဘွားကို တွေ့သွားသည်။

“ဘွားဘွားသနားစရာ”
“ဘာဖြစ်လို့လဲမြေးရဲ့”
“ဘွားဘွားကသားသားရေခဲမုန့်ကိုမျှော်နေတာလေ”

ဒေါ်ကြည်ကြည်ဝေ သဘောကျစွာရယ်လိုက်ပြီး၊ ဘွားဘွားက မြေးစားတာကို မျှော်နေတာရှက်စရာ ကြီးနော်ဟု ပြောလိုက်သည်။ သနားစရာပါ ဘွားဘွား ရဲ့ဟု ဟန်ကျမောင်ကပြန်ပြောသည်။ ဟုတ်တယ် သနားစရာဘွားဘွားဖြစ်နေပြီနော်ဟု ဒေါ်ကြည်ကြည် ဝေကပြော လိုက် သည်။ ယနေ့ညနေစာကို ဟန်ကျ မောင်လေးကိုကျွေးပြီးသည့်နောက်လူကြီးတွေထမင်း စားကြသည်။ အဘွားက သူ့မြေးကိုမသိမသာ အကဲ ခတ်နေသည်။ ဟန်ကျမောင်ကလေးမှာ ထမင်းစားပွဲကို အမှတ်တမဲ့ လှမ်းကြည့်လိုက်တာကို အဘွားကတွေ့သွားသည်။

“ငါ့မြေးကိုထမင်းမကျွေးကြသေးဘူးလား။ ဟိုမှာ မျှော်နေတာ သနားစရာလေး”
“မမျှော်ပါဘူးဘွားဘွားရဲ့”

ဟန်ကျမောင်လေးကကမန်းကတန်းပြောပြီး အိမ် အပြင်ကို ထွက်သွားသည်။ သီသီဦးက သူ့သားနှင့် သူ့ အမေကိုကြည့်ပြီးအံ့သြနေသည်။”ကလေးတွေကို သွန်သင်ချင်ရင် သူတို့ကြိုက်တာကိုရော၊ မကြိုက်တာကိုရောသိအောင် လုပ်ရတယ်။ ငါ့ မြေးကသူ့ကိုသနားတာကိုမကြိုက်ဘူး။ ဒီအရွယ်ကလေးက သူ့ကိုသနားတာကိုမကြိုက်ဘူးဆိုတာထူးဆန်းတယ်။ သနားတာကိုမကြိုက်တာက ကြီးလာတော့မှသာ ဖြစ်လာတာ၊ ခုငါ့မြေးကဒီအရွယ်နဲ့ဖြစ်နေတာ၊ အဲဒါကို ငါတွေ့လိုက်တာပဲ၊ နောက်ဆိုရင်သူ့ကိုကိုယ်မကြိုက်တာမလုပ်စေချင်ရင် သူမကြိုက်တာနဲ့ အံဝင်အောင် ပြောပြီး သနားစရာလို့သာ သွန်သင်ပေတော့”

စိုးဘားဒိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here