ဗီယက်နမ်မင်းသမီးနဲ့ဇာတ်ကားမှာ ဘာသာစကား ၃မျိုးထည့်သွင်း ရိုက်ကူးမှာဖြစ်ကြောင်း နေတိုး ပြော

0
476

Nay Toe

နေတိုးက ဒါရိုက်တာသြရသ ရိုက်ကူးတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကို ထွန်းထွန်း၊ ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေ၊ ခင်ဝင့်ဝါတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ရိုက်ကူးနေပြီး ဘဝဆန်တဲ့ ဇာတ်ကားတစ်ကားဖြစ်သလို ဖြစ်ရပ်မှန် ၃ဝ ရာခိုင်နှုန်းအခြေခံထားကြောင်း ပြောပါတယ်။ ဒီဇာတ် ကားကို သရုပ်ဆောင်၊ ဒါရိုက်တာနဲ့ စာရေးဆရာတို့ ၃ဦး ပူးပေါင်းကာ ဇာတ်လမ်းတည် ဆောက်ထားပြီး နိုင်ငံတကာ ပုံစံအတိုင်း ရိုက်ကူးပုံဖော်သွားမှာဖြစ်ကြောင်း နေတိုးက ပြောပါတယ်။

” ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေရာသီဥတုဖောက်ပြန်မှုတွေ၊ ဟိုတလောက ချင်းတောင်မှာ လမ်းတွေပြို၊ မြေတွေပြိုပြီး အဆောက်အ အုံတွေ ပျက်စီးခဲ့တယ်။ လူတွေလည်း တချို့တစ်ဝက်သေဆုံးတယ်။ အဲဒီ လိုမျိုး ရာသီဥတုဖောက်ပြန်မှုတွေ၊ နှင်းမိုးရွာမှုတွေနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်ဇာတ်ကားထဲမှာ မရှိဘူး။ အဲဒီတော့ ဘဝဆန်ဆန်ဇာတ်ကားထဲမှာမှ ဆရာမိုးနီလွင်ရယ်၊ ဒါရိုက်တာသြရသရယ်၊ ကျွန်တော်ရယ် တိုင်ပင်ပြီး တော့မှ ဘဝဒရာမာပုံစံ မျိုးပေါ့။ နောက်ပြီး ရိုးရာယဉ်ကျေးမှု၊ နောက်တစ်ခုက လူမျိုးမတူတဲ့ နိုင်ငံ ခြားသားတွေနဲ့ တည်ဆောက်တဲ့ ဇာတ်လမ်းအမျိုးအစား၊ ဒီလိုမျိုး အဘက်ဘက်ကနေကြည့်လို့ရအောင် နောက်ပြီး ဘာသာစကား နားမလည် ပေမယ့် လည်း ဇာတ်ကားတစ်ကားကို ကြည့်လိုက်တဲ့ အချိန်မှာ ခံစားနိုင်အောင် တင်ပြမှုပုံစံကလည်း international ဖြစ်အောင် ရိုက်ကူးဖို့အတွက်
ဆုံးဖြတ်ခဲ့တယ်။ Media 7 ကလည်း အများကြီး ပံ့ပိုးပါတယ်။ အဲဒီလို ရိုက်ကူးဖို့အတွက် ဇာတ်လမ်းတွေလုပ်တဲ့အချိန်မှာ တစ်ထိုင်တည်းမှာပဲ confirm လုပ်နိုင်ခဲ့တယ်။ ဒီဇာတ်ကားက ထူးခြားမှုရှိတယ်။ စာရေးဆရာရော၊ ဒါရိုက်တာရော၊ သရုပ်ဆောင်ရော ကိုယ်မြင်တဲ့ ဆိုက်ကနေပြောပြီး ဇာတ်လမ်းတည် ဆောက်ထားတယ်။ ဒီဘက်ခေတ်မှာတော့ ဒီလိုမျိုးတည်ဆောက်တာ နည်းနည်းတော့ရှားတယ်။ အဲဒါ ကြောင့် ဒီဇာတ်ကားက ထူးခြားမယ်။ ဒီဇာတ်ကားမှာ ရိုက်ကူးမှုအတွက်ဖွဲ့စည်းပုံ ၊ ကင်မရာ crew ၊ lighting crew တွေက international format ထဲဝင်အောင် DOP တွေ Art Designer တွေ၊ Costume Designer တွေ အစစအရာရာ ဒီဇာတ်ကားထဲမှာ နိုင်ငံခြားနဲ့ ရိုက်ကူးဖူးတဲ့ အတွေ့အကြုံတွေကို အများကြီးထည့်ပြီး work shop လုပ်ထားတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက်
သေသေသပ်သပ်နဲ့ ဇာတ်ကား ကောင်းတစ်ကားဖြစ်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။ ဒီဇာတ်ကားက ပရဟိတလုပ်ဆောင်ကာ ကိုယ့်နိုင်ငံရဲ့အကျိုးကို သယ်ပိုးတဲ့လူတွေအတွက် စိတ်ဓာတ်ခွန်အားတွေဖြစ်စေမယ့် ဇာတ်ကားတစ်ကားဖြစ်ပြီး ဘာသာစကားအနေနဲ့ အင်္ဂလိပ်၊ မြန်မာနဲ့ ရှမ်း စကား တို့ကိုသုံးနှုန်းပြောဆိုပြီး သရုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here