ပြိုင်ဆိုင်မှုပြင်းထန်မယ့် ၂ဝ၁၆ အကယ်ဒမီဇာတ်ကားများနဲ့အကယ်ဒမီ အကဲဖြတ် အဖွဲ့တို့ရဲ့ သုံးသပ်မှုများ

0
329

aca1

၂ဝ၁၆ ခုနှစ် ပြက္ခဒိန်နှစ်အတွင်းမှာ ပြသသွားခဲ့တဲ့ မြန်မာ ရုပ်ရှင်ဇာတ်ကားတွေကို ထူးချွန်ဆုပေးအပ်နိုင်ဖို့အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကို လာမယ့် ၂ဝ၁၇ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွား တော့မှာ ဖြစ်ပါတယ်။ အကယ်ဒမီ ဆုပေးအပ်နိုင်ရေးအတွက် စိစစ် အကဲဖြတ်ရေး ဘုတ်အဖွဲ့ကို ဘာသာရပ်တူ တစ်ခုချင်းစီမှာ သက်ဆိုင်ရာဘာသာရပ်က အတတ် ပညာရှင်၊ အနုပညာရှင် ၅ ဦးစီနဲ့ ဖွဲ့စည်းပြီး အကယ်ဒမီ စိစစ်မှုတွေကို နိုဝင်ဘာလ ၇ ရက်နေ့ကတည်းက အခု ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအထိ စိစစ်အကဲဖြတ်နေဆဲ ဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီ စိစစ်မှုပုံစံနဲ့ အမှတ်ပေး ရွေးချယ်မှုပုံစံကိုလည်း ပြောင်းလဲထားတာမို့ မနှစ်က ထွက်ပေါ်ခဲ့တဲ့ ဝေဖန်မှုတွေကို လျှော့ချ သွားနိုင်မယ်လို့ တွက်ဆထားကြပါတယ်။ အခုနှစ်အကယ်ဒမီ မှာတော့ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၃ ကားအထိ ကြည့်ရှုအကဲ ဖြတ်ခဲ့ တာ ဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီ စိစစ်အကဲဖြတ်မှုထဲမှာ ပါဝင်နေကြ တဲ့ အကဲဖြတ် အဖွဲ့ဝင်တွေရဲ့ သဘောထားတွေကိုလည်း မေးမြန်း ဖော်ပြပေးလိုက်ပါတယ်။

ဦးနှင်းမိုး
(အကယ်ဒမီ အကဲဖြတ်အဖွဲ့ဥက္ကဋ္ဌ)

အခု ဆန်ခါတင်၁ဝ ကား ရွေးထားတယ်ဆိုတာကလည်း ဒီအထဲကနေ အကယ်ဒမီတစ်ဆုဆုရနိုင်တယ် ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးထုတ်ထားတာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အကဲဖြတ်တွေကတော့ အမှန်ကန်ဆုံးဖြစ်အောင် ကြိုးစားလုပ်ကြတာပါပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ လုပ်လုပ် နှစ်စဉ် ဝေဖန်မှုတွေကတော့ အမြဲ ပါလာ တာပါပဲ။ ဝေဖန်တယ်ဆိုတာ က တော့ ရတဲ့သူက ကျေနပ်ပြီး မရတဲ့ သူကတော့ ဝေဖန်မှာပါပဲ။ ဝေဖန်မှု အပေါ်မှာလည်း သူတို့ စိတ်လွတ် လပ်ခွင့်နဲ့ ဝေဖန်တာမို့ ကျွန်တော် တို့အနေနဲ့ကလည်း လက်ခံပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း အမှန်ကန်ဆုံး နဲ့ အသန့်ရှင်းဆုံးအဖြစ် ဆုရွေးချယ် ရေးအဖွဲ့က ရွေးချယ် တာပါပဲ။ ကိုယ့်လိပ်ပြာလည်း ကိုယ်လုံကြပါတယ်။ ဝေဖန်ခြင်းနဲ့ ပြစ်တင် ရှုတ်ချခြင်းကတော့ နှစ်စဉ်မလွတ်ပါဘူး။

ဦးမောင်မောင်လတ်
(နောက်ခံ တေးဂီတပညာရှင်)

နောက်ခံတေးဂီတ ဖန်တီးတယ်ဆိုတာ မလွယ်ကူပါဘူး။ နောက်ခံ တေးဂီတမှူးတွေကလည်း သူတို့တီးထားတဲ့ ဇာတ်ကားတွေ အကောင်းဆုံးဖြစ်ဖို့ အပြိုင်အဆိုင် ကြိုးစားကြတာပါပဲ။ သူတို့တီးခတ်မှု အပေါ်ကိုကြည့်ပြီး သူတို့သုံးစွဲတဲ့ တူရိယာ ပစ္စည်းတွေ၊ နောက်ခံဇာတ် လမ်း ဇာတ်ကွက်အပေါ် မူတည် နေတဲ့ တီးလုံးတွေကို ဖန်တီးကြရ တာဖြစ်ပါတယ်။ ဘယ်ဇာတ်ကားမှာ ဘယ်သူက ကောင်းစွာတီးခတ် နိုင်ခဲ့တယ် ဆိုတာကို ပြနိုင်တဲ့သူ နောက်ခံ ဂီတမှူးဟာ သူနဲ့ ထိုက်တန်တဲ့ ရုပ်ရှင်ထူးချွန်ဆုကို ရရှိမှာ ဖြစ်ပါတယ်။ အကဲဖြတ်မှုပုံစံ ပြောင်းသွားပေမယ့်လည်း ဝေဖန်မှု ဆိုတာကတော့ တစ်ဦးချင်းရဲ့ ကိုယ်ပိုင်အယူအဆ ဖြစ်တဲ့အတွက် ပြောနေဦးမှာ ဖြစ်တယ်လို့ထင်ပါ တယ်။ ကျွန်တော် တို့ကတော့ အကောင်းဆုံး ဆောင်ရွက်နေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကိုလည်း ကြည့်လိုက်လို့ရှိရင် တင်ဆက်ခဲ့တဲ့ အစီအစဉ်တွေဟာ တအားကောင်း တာကို တွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီနှစ်မှာလည်း အဲဒီ ထက်ပိုတဲ့ ခမ်းနားမြိုင်ဆိုင်တာကို တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။

အကယ်ဒမီ ဆန်းဦး (အသံပညာရှင်)

အသံဆုကိုတော့ ထုတ်လုပ်သူရယ်၊ ဒါရိုက်တာရယ် နာမည်စာရင်းတင်သွင်းထားတဲ့ အသံပညာရှင်အတွက်ကိုပဲ ပေးမှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ပြုလုပ်လိုက်တဲ့ အကဲဖြတ် မှုပုံစံက အားလုံးကို စည်းစည်း လုံးလုံးလေး ဖြစ်သွားစေတာကို သွားတွေ့ရတယ်။ အမှားအယွင်း လည်း ပိုနည်းသွားမယ်လို့ ထင်ပါ တယ်။ တစ်ယောက်တည်း ပညာရပ် နဲ့ ဆုံးဖြတ်တာမဟုတ်တော့ဘဲနဲ့ အကုန်လုံးရဲ့ ပညာပိုင်းနဲ့ ပေါင်းစပ်ပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် ပိုပြီးတော့ အဆင်ပြေမယ်လို့ ယုံကြည်နေပါတယ်။ မနှစ်ကတော့ အသံဆုအကယ်ဒမီ မပေးလိုက်နိုင် ဘူး။ စံချိန်စံညွှန်းကြောင့် ဖြစ်ပါ တယ်။ ကျွန်တော်တို့ အသံပိုင်းက ရွေးချယ်ရတာ တအားခက်ခဲပါတယ်။ အသံဆိုတာ ရုပ်ရှင်ဇာတ်ကား တစ် ကားအတွက် ၇၅ ရာခိုင်နှုန်းအထိ အရေးကြီးပါတယ်။ ဒီနှစ်မှာတော့ အသံပိုင်းဆိုင်ရာ ကောင်းတဲ့ ရုပ်ရှင် ဇာတ်ကားတွေ အများကြီးပါပါတယ်။ ဒီနှစ်မှာတော့ မနှစ်က မပေးလိုက် နိုင်တာကို ချေဖျက်နိုင်ဖို့ ကြိုးစား နေပါတယ်။ ဒီနှစ်ကတော့ ဝေဖန်မှု လည်း နည်းလိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ကတော့ အခုနှစ် ၂ဝ၁၇ ခုနှစ်မှာ တော့ ကဲ့ရဲ့သံတွေ လျှော့ချသွားနိုင် အောင် ကြိုးစားနေကြပါတယ်။

ဦးမြင့်သိန်း(ဆေး) (ဇာတ်ညွှန်းဆု)

အများအားဖြင့် အကဲဖြတ်အဖွဲ့ဆိုတာ ဘဝသရုပ်ဖော် ဇာတ်တွေကို ပိုကြိုက်ကြ ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အကယ်ဒမီကို ဒရာမာ ပေတံနဲ့ တိုင်းတာတာ များပါတယ်။ သို့သော် လည်းပဲ ဒီဘက်ခေတ်မှာ တော့ ဟာသ ဇာတ်ကားတွေဟာ ဇာတ်အိမ် ခိုင်လာတာတွေ ရှိနေပြီ။ ဇာတ်အိမ် ခိုင်ရင်တော့ အကယ်ဒမီ ပေးလိုက် တာ တွေ ရှိပါတယ်။ အခု ဇာတ်ကားကြည့်ပြီးသလောက် ဇာတ်ညွှန်းတွေက အတော်ကိုကောင်း နေပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အထဲကမှ အကောင်းဆုံးကို မှတ်ချက်ပေးရ မှာ ဖြစ်ပါတယ်။

ဦးဌေးအောင် (ဆွေဗမာ)
(ဒါရိုက်တာဆု)

ဒါရိုက်တာ ဆုကိုအကဲဖြတ် ပေးရတဲ့သူတွေက ဆု ၁၁ ဆု စလုံးကို ကြည့်ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဘာသာရပ်ဆိုင်ရာ တွေက ဆု ၆ ဆုစီ အကဲဖြတ်ပေးရ မှာဖြစ်တယ်။ အဲဒီလိုမူဖြစ်လာတဲ့ အတွက် မနှစ်က သရုပ်ဆောင်အကဲ ဖြတ်မှုမှာ ပါဝင်ပေးခဲ့တဲ့ ကျွန်တော် က ဒီနှစ်မှာ ဒါရိုက်တာအလွှာ ဘက်ကို ရောက်လာပြီး အကဲဖြတ် ပေးဖြစ်တာ ဖြစ်တယ်။ ဒါရိုက်တာဆု ဆိုတာကို လည်း သတ်မှတ်ထားတဲ့ စည်းမျဉ်း တွေ ထဲက ပေးသွားမှာဖြစ် ပါတယ်။ အသေးစိတ် အချက် အလက်တွေ ကအစ ချို့ယွင်းချက် မပါအောင် ကြည့်ရှုစိစစ်ရတာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အကဲဖြတ် အမှတ်ပေးမှုပုံစံက တော့ အင်မတန် ကောင်းမွန်တယ်။ ဝေဖန်မှုတွေက တော့ နှစ်စဉ်ရှိနေတာပါ ပဲ။ ဒီနှစ် ကတော့ ဝေဖန်မှုတွေနည်းလိမ့်မယ်လို့တော့ မျှော်လင့်ထားပါတယ်။

ချစ်ချစ်ဇော် ( သရုပ်ဆောင်ဆု)

ဒီနှစ်မှာ အစ်မတို့က မနှစ်ကလို မဟုတ်တော့ဘဲနဲ့ ဆု ၆ ဆု ကို ရွေးချယ်ရမှာ ဖြစ်တယ်။ ဇာတ်ကား ဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ် ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုတွေကို ရွေးချယ်ပေးရမှာပါ။ အခု အကဲဖြတ် ပြီးသလောက်ဆိုရင် အရင်နှစ်တွေ ကထက် အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေကို တွေ့ရပါတယ်။ အရင်နှစ်တွေတုန်းကလည်း ဝေဖန် မှုတွေရှိသလို ဒီနှစ်မှာ ရှိလာနိုင်တာ ပါပဲ။ လူဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းက မတူညီ သလို စိတ်ချင်းလည်း မတူညီ ကြဘူး လေ။ တစ်ယောက်က အေ ကြိုက်ရင် တစ်ယောက်က ဘီ ကြိုက်တာမျိုး လေ။ အဲဒီအတွက် ဝေဖန်မှုတွေက တော့ လွတ်မယ် မထင်မိဘူး။ ဒီနှစ်မှာလည်း ရှိကောင်းရှိနိုင်ပါ တယ်။ ဥပမာ – အကဲဖြတ်အဖွဲ့ထဲမှာ ကို ပဲ မဲထည့်ပြီး ဆုံးဖြတ်ကြတယ်။ အစ်မ ဒီတစ်ခု ကြိုက်ပေမယ့် အခြားတစ်ယောက်က အစ်မ ကြိုက် တဲ့အရာကို ကြိုက်ချင်မှ ကြိုက်မှာ ဖြစ်တယ်။ မဲအရေအတွက် အရဆို ရင် အစ်မ ကြိုက်တဲ့သူလည်း ပါ ကောင်း ပါသွားနိုင်တယ်။ အဲဒီလို ကိစ္စမျိုးတွေလည်း ရှိပါတယ်။ အကဲဖြတ်ထဲမှာတောင် စိတ်ချင်းမတူ ကြတော့ အရင်နှစ်တွေလိုပဲ ဝေဖန်မှု ကတော့ ရှိလာနိုင်တယ်။ ပြီးတော့ ကော်ပီနဲ့ မှီငြမ်းဇာတ်ကားတွေ ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုကို မပေးပါဘူး။ သရုပ်ဆောင်ဆုတွေ ကိုတော့ ပေးအပ်လို့ရပါတယ်။

ပေါ်ပြူလာ


LEAVE A REPLY

Please enter your comment!
Please enter your name here