မြန်မာစာ ၊ မြန်မာမှုအကြောင်းကို အင်္ဂလိပ်ဘာသာဖြင့်ရေးသားဖြန့်ဝေ ပညာရှင်ဆရာကြီး

0
144

mkm

၁၉၆၀ ပြည့်နှစ်ဝန်းကျင်၊ ကျွန်တော်တက္ကသိုလ် ကျောင်းသားဖြစ်ခါစက မြန်မာစာဝိဇ္ဇာ (ဂုဏ်ထူး) တတိယနှစ် ပြဋ္ဌာန်းစာအုပ်စာရင်းကို အမှတ်မထင်ကြည့်မိစဉ် ထူးခြားချက် တစ်ခုကိုတွေ့ရသည့်အတွက် စိတ်ဝင်တစား ကြည့်မိပါသည်။ ထူးခြားချက်မှာ မြန်မာစာအုပ်နာမည်များထဲတွင် အင်္ဂလိပ်စာအုပ်တစ်အုပ်၏ အမည်ကိုတွေ့ရသော ကြောင့်ဖြစ်သည်။ စာအုပ်နာမည်မှာ Burmese Drama ဖြစ်သည်။ ရေးသူနာမည်ကို Maung Htin Aung ဟု တွေ့ရသည်။ ဆရာကြီး ဒေါက်တာထင်အောင် ရေးသားသော မြန်မာပြဇာတ်အကြောင်း စာအုပ် ဖြစ်ကြောင်း နောက်တော့ သိလာရသည်။

ကိုယ်တိုင်ဂုဏ်ထူးတန်းရောက်တော့ ထိုစာအုပ်ကိုဖတ်ဖူးနေပါပြီ။ စာအုပ်နာမည်အောက်တွင် A Study, with Translations, of Burmese Plays ဟု တွေ့ရသည့် အတွက် မြန်မာပြဇာတ်များ လေ့လာချက်ဖြစ်ကြောင်း၊ ပြဇာတ်များကို အင်္ဂလိပ်ဘာသာပြန်ဆိုချက်များလည်း ပါဝင်ကြောင်း နားလည်ရပါသည်။ နောက်ပိုင်းတွင် ဆရာကြီး ဒေါက်တာထင်အောင်အကြောင်း နှင့် ဆရာကြီးပြုစုသော စာအုပ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိလာရပါသည်။

ဒေါက်တာထင်အောင်အဖြစ် ထင်ရှားကျော်ကြားလာမည့် ကိုထင်အောင်သည် ၁၉၂၃ ခုနှစ် တွင် ရန်ကုန်ဟိုက်စကူးကျောင်းက ဆယ်တန်းအောင်ချိန်၌ အသက် ၁၅ နှစ်သာ ရှိသေးသည်။ အင်္ဂလိပ်စာ နှင့် မြန်မာစာထူးချွန်သူကို ချီးမြှင့်သော ရီနောင်း (Renown) ဘုရင်ခံ၏ ဆုကို ဆွတ်ခူးခဲ့သည်။ ထူးချွန်သော ကျောင်းသားအဖြစ် စကောလားရှစ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဥပစာတန်းအောင်သည့်အခါ ယူသောဘာသာ ၅ ခု စလုံး ထူးချွန်သဖြင့် သက်ဆိုင်ရာ ပါမောက္ခအားလုံးက ကိုထင်အောင်ကို ဂုဏ်ထူးတန်းတက်ရန် ဖိတ်ခေါ်ကြသည်။ ကိုထင်အောင်သည် ၁၉၂၉ ခုနှစ် တွင် အင်္ဂလန်သို့ ပညာသင်သွားပြီး London School of Economics (LSE) မှစတင်၍ Paris, Heidleburg နှင့် Leiden တက္ကသိုလ်များသို့ လှည့်လည်ဆည်းပူးသည်။ အင်္ဂလိပ်စာပေ၊ ဥပဒေပညာ၊ ပထဝီဝင်၊ မနုဿ ဗေဒဘာသာရပ်များတွင် ဘွဲ့ဒီဂရီများ၊ ဒီပလိုမာများရသည်။ တက္ကသိုလ်သုံးခုတွင် ကျမ်းတင်သွင်းပြီး ပါရဂူဘွဲ့ယူနိုင်ခွင့်ရသည်။ ကိုထင်အောင်သည် ဒဗ္ဗလင်
(Dublin) ရှိ Trinity College (ထရင်နတီကောလိပ်) တွင် Ph.D ပါရဂူသင်တန်းဝင်ခွင့်ရရန်အတွက် အင်္ဂလိပ်စာပေ ဂုဏ်ထူးတန်းစာမေးပွဲ ဖြေဆိုရသည်။ ပထမတန်း ဂုဏ်ထူးဖြင့် အောင်မြင်ပြီး ၁၉၃၁ ခုနှစ်တွင် စတင်ကျမ်းပြုသည်။ သုတေသန ကျောင်းသားအဖြစ်ကျမ်းပြုပြီး ၁၉၃၃ ခုနှစ်တွင် Comporative Study of Burmese with English are European Drama (မြန်မာ ပြဇာတ်ကို အင်္ဂလိပ်နှင့် ဥရောပပြဇာတ်တို့နှင့် နှိုင်းယှဉ်လေ့လာချက်) ကျမ်းကိုတင်သွင်းရာ မြင့်မားသော “အထူးအောင်” အဆင့်ဖြင့် ထူးထူးချွန်ချွန် အောင်မြင်ပြီး Ph.D (ပါရဂူ) ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ဘွဲ့နှင်း သဘင်အခမ်းအနားတွင် ပါရဂူအားလုံး၏ ရှေ့ဆုံးက လျှောက်လှမ်းရသူအဖြစ် ဂုဏ်ပြုခံရသည့်အပြင် ဘွဲ့ယူရန်အတွက် ဒူးထောက်လိုက်စဉ် ပရိသတ်အားလုံး မတ်တတ်ရပ်၍ သောင်းသောင်းဖြဖြ လက်ခုပ်တီးကာ ဂုဏ်ပြုချီးကျူးကြရသည်။ ကိုထင် အောင်သည် ဗြိတိန်နိုင်ငံ တက္ကသိုလ်များတွင် မြန်မာလူမျိုးထဲက ပထမဆုံးပါရဂူဘွဲ့ရသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကျမ်းမှ အင်္ဂလိပ်နှင့် ဥရောပ ပြဇာတ်ဆိုင်ရာ အခန်းအချို့ကိုချန်လှပ်ပြီး Burmese Dramaခေါင်းစဉ်ဖြင့် ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ကြောင်း စာအုပ်၏ ဥယျောဇဉ်အရ သိရပါသည်။ ၁၉၃၇ ခုနှစ်တွင် အောက်စဖို့ဒ် တက္ကသိုလ်က ပုံနှိပ် ခြင်းဖြစ်သည်။

မြန်မာပြဇာတ် စာအုပ်တွင် မြန်မာပြဇာတ်၏ မြစ်ဖျားခံရာများ၊ မြန်မာနိုင်ငံတွင် နန်းတွင်းဇာတ် (ရာမာယဏ) ထွန်းကားလာပုံ၊ ဦးကြင်ဥ၊ ဦးပုည၊ ပြဇာတ်ဆုတ်ယုတ် ချိန်၊ နောက်ပိုင်းအခြေအနေ၊ မြန်မာ ပြဇာတ်ကပြပုံ ဟူ၍ အခန်းများခွဲ ထားသည်။ နောက်ဆက်တွဲအဖြစ် ရာမဇာတ်၊ မဟော်၊ ဒေဝကုမ္ဘာန်၊ ပါပဟိန်၊ ပဒုမ၊ ရေသည်၊ ဝိဇယ၊ ကောသလ၊ ဝေဿန္တရာ၊ သထုံ ရာဇဝင်၊ လူဝံမောင်နှမ၊ စောတေ စောမေ ပြဇာတ်များကို အင်္ဂလိပ် ဘာသာပြန်ဆိုချက်များ ဖော်ပြထား သည်။ အချို့ကို အပြည့်အစုံ ဘာသာ ပြန်ပြီး အချို့ကို ကောက်နုတ်ဘာသာ ပြန်သည်။ မြန်မာပြဇာတ်များကို စနစ်တကျလေ့လာမှုတွင် ဆရာကြီး ၏ စာအုပ်သည် ရှေ့ဆောင်လမ်းပြ သဖွယ် ဖြစ်သည့်အပြင် မြန်မာစာပေ ကို ကမ္ဘာကသိအောင် ကိုလိုနီခေတ် ကတည်းက ကြိုးပမ်းခဲ့သော ဆရာ ကြီး၏ မှတ်တိုင်တစ်တိုင်လည်း ဖြစ် ပါသည်။ မြန်မာပြဇာတ်များကို သုတေသနပြု၍ ပါရဂူဘွဲ့ရယူခဲ့ သော ဆရာကြီး၏အောင်မြင်မှုမှာလည်း နောင်လာနောက်သားများ ဂုဏ်ယူအားကျစရာဖြစ်ပါသည်။

ဆရာကြီးသည် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များ၊ သုတေသနစာတမ်းများ၊ ဆောင်းပါးများ အများ အပြား ရေးသားခဲ့သည်။ မြန်မာပုံပြင်များကို သုတေသနပြု စုဆောင်း၍ စာအုပ်များပြုစုခဲ့ရာ Burmese Folk Tales (မြန်မာ့ရိုးရာပုံပြင်များ) စာအုပ်သည် ထင်ရှားသော လက်ရာတစ်ခုဖြစ်သည်။ ထိုစာအုပ်မှ ပုံပြင်များကို ရွေးချယ်ထုတ်နုတ်၍ Selections from Burmese Folk Tales (မြန်မာ့ရိုးရာပုံပြင်များ ရွေးချယ်ချက်များ) နှင့် Thirty Burmese Tales (မြန်မာပုံပြင် သုံးဆယ်) ဟူသော စာအုပ်နှစ်အုပ်ထုတ်ဝေခဲ့ရာ ထိုစာအုပ်များကို တစ်ချိန်က တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်စာဘာသာရပ်အတွက် ပြဋ္ဌာန်းခဲ့ပါသည်။ ထို့အပြင် သင်္ဂဇာ စကားလုံးမှ ပုံပြင်များကို Burmese Monk’s Tales အမည်ဖြင့်လည်းကောင်း၊ ဓမ္မသတ်ပုံပြင်များကို Burmese Law Tales အမည်ဖြင့်လည်းကောင်း ဆရာကြီးက အင်္ဂလိပ်ဘာသာ ပြန်ဆိုရေးသားခဲ့ပါသည်။

မြန်မာပုံပြင်သုံးဆယ်စာအုပ်တွင် စာရေးသူအမည်ကို Maung Htin Aung, M.A. LL.B: Ph.D: D.Litt. Barrister- At- Law ဟု ဘွဲ့များနှင့်တကွ ဖော်ပြထားရာ ” မဟာဝိဇ္ဇာ၊ ဥပဒေဝိဇ္ဇာ၊ ပါရဂူ (ပီအိပ်ခ်ျဒီ)၊ ပါရဂူ (ဒီလစ်)၊ ဝတ်လုံတော်ရရှေ့နေ” ဟူသော ဆရာကြီး၏ ဂုဏ်ထူးဝိသေသများကို သိရပါသည်။ဆရာကြီး ဒေါက်တာထင်အောင်သည် လွတ်လပ်ရေး ခေတ်တွင် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးပါမောက္ခချုပ်ဖြစ်သည်။ လိုအပ်သည့်အခါ အင်္ဂလိပ်စာ၊ မနုဿဗေဒ၊ ပထဝီဝင် ပါမောက္ခ တာဝန်များကိုလည်း ဆောင်ရွက်ရသည်။ မိမိကျွမ်းကျင်သော ပညာရပ်များတွင် ဦးဆောင်လမ်းညွှန်ပေးခြင်း ဖြစ်သည်။ ဆရာကြီး၏ စာအုပ်များတွင် Folk Elements in Burmese Buddhism (မြန်မာ- ဗုဒ္ဓဘာသာမှ ရိုးရာယုံကြည်မှုများ) ဟူသော စာအုပ်လည်းပါဝင်သည်။ ထိုစာအုပ် တွင် Nine Gods (ဘုရားကိုးဆူ)၊ The Feast of the New Year (နှစ်သစ်ကူးပွဲတော်)၊ The Cult of Alchemy (အဂ္ဂိရတ်ပညာ)၊ The Thirty- Seven Lord (၃၇ မင်း) စသည့် အခန်းများပါဝင်သည်။ ထိုအခန်းများမှာ မြန်မာနိုင်ငံ သုတေသနအသင်းအစည်းအဝေးများတွင် ဆရာကြီးဖတ်ကြားခဲ့သော စာတမ်းများဖြစ်ကြောင်း သိရပါ သည်။ မြန်မာမှုနှင့်ပတ်သက်၍ အသိအမြင် တိုးပွားစရာ စာတမ်းများ ဖြစ်သည်။

ဆရာကြီးသည် ကျည်းကန်ရှင်ကြီး မေတ္တာစာများကို Epistles Written on the Eve of the Anglo- Burmese War (အင်္ဂလိပ် မြန်မာ စစ်ပွဲဖြစ်ခါနီးတွင် ရေးသားသော မေတ္တာစာများ) အမည်ဖြင့် အင်္ဂလိပ်ဘာသာပြန်သည်။ အနောက်နိုင်ငံ သြဇာလွှမ်းမိုးမှုကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြောင်းလဲပုံများကို သုံးသပ်ထားပါသည်။ ဆရာကြီးပြုစုသော စာအုပ်၊ စာတမ်းများတွင် သမိုင်းဆိုင်ရာ စာအုပ်စာတမ်းများလည်း အပါ အဝင်ဖြစ်သည်။ A History of Burma, The Stricker Peacock, Burmese History before 1287 စသည်တို့ဖြစ်သည်။ ကင်းဝန်မင်းကြီး ၏ ခရီးသွားမှတ်တမ်းများကိုလည်း သုံးသပ်သည်။

ဆရာကြီးသည် ၁၉၅၈- ၅၉ ခုနှစ်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်အဖြစ်မှ ဒုတိယအဓိပတိအဖြစ် ပြောင်းလဲတာဝန်ယူရပြီးနောက် ၁၉၅၉ မှ ၁၉၆၂ခုနှစ်အထိ သီဟိုဠ် (သီရိလင်္ကာ)နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ထို့နောက် ပြည်ပတက္ကသိုလ်များတွင် သင်ကြားပို့ချ သည်။ ” စင်စစ် ပြဇာတ်နှင့် အင်္ဂလိပ် စာပေသည် ဒေါက်တာ ထင်အောင်၏ အချစ်ဦးများဖြစ်သည်။ ထို့နောက်တွင် သူသည် သမိုင်းနှင့်လည်း ချစ်ကြိုးသွယ်ခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် သမိုင်းပညာရှင် အဖြစ် အခြေတည်ရန် သမိုင်းဆိုင် ရာ ဆောင်းပါးများကို ပို၍ရေးလာသည်” ဟူ၍ ဆရာကြီးကွယ်လွန်စဉ်က ဝမ်းနည်းမှတ်တမ်းတွင် ဖော်ပြထားသည်။ ဆရာကြီး၏ အင်္ဂလိပ်စာအရေးအသားသည် ရှင်းလင်းပြေပြစ်ပြီး နှစ်သက်ဖွယ်ဖြစ်ကြောင်း ချီးကျူး ကြသည်။ မြန်မာစာမြန်မာမှုများကို ကမ္ဘာကသိအောင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖြန့်ဝေသော ဆရာကြီး ဒေါက်တာထင်အောင်၏ ဆောင် ရွက်ချက်များသည် တန်ဖိုးမဖြတ်နိုင် သော ဆောင်ရွက်ချက်များဖြစ်သည်။

မောင်ခင်မင် (ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here